သင်ခန်းစာ ၄၉
မိဖုရားဆိုးကို အပြစ်ပေး
အာဟပ်မင်းဟာ ယေဇရေလနန်းတော် ပြတင်းပေါက်ကနေ နာဗုတ်ရဲ့ စပျစ်ခြံကို ကြည့်နေတယ်။ အာဟပ်ဟာ အဲဒီခြံကို လိုချင်လို့ နာဗုတ်ဆီကနေ တောင်းဝယ်တယ်။ ဒါပေမဲ့ နာဗုတ်ဟာ အမွေရတဲ့မြေကို မရောင်းရဘူးဆိုတဲ့ ယေဟောဝါရဲ့ ပညတ်ကို နာခံပြီး မရောင်းဘူး။ မှန်တာလုပ်တဲ့ နာဗုတ်ကို အာဟပ် လေးစားသလား။ မလေးစားဘဲ အရမ်းစိတ်ဆိုးသွားတယ်။ အဲဒီခြံကိုမရလို့ စိတ်ကောက်ပြီး အခန်းထဲက မထွက်ဘူး။ အစာလည်း မစားဘူး။
အာဟပ်ရဲ့ မိဖုရားဆိုး ယေဇဗေလက ‘မောင်တော်ဟာ အစ္စရေးဘုရင်ပဲ။ လိုချင်တာအားလုံး ရရမှာပေါ့။ အဲဒီခြံကို ကျွန်မ ယူပေးမယ်’ လို့ပြောပြီး မြို့အရာရှိတွေဆီ စာရေးလိုက်တယ်။ စာထဲမှာ နာဗုတ်ဟာ ဘုရားကို ကျိန်ဆဲတဲ့သူလို့ မဟုတ်မမှန် စွပ်စွဲခိုင်းပြီး ကျောက်ခဲနဲ့ ပေါက်သတ်စေ ဆိုပြီး ရေးထားတယ်။ ယေဇဗေလပြောတဲ့အတိုင်း မြို့အရာရှိတွေ လုပ်လိုက်တယ်။ အဲဒီနောက် ယေဇဗေလက အာဟပ်ကို ‘နာဗုတ် သေသွားပြီ။ စပျစ်ခြံကို သွားသိမ်းပါ’ လို့ပြောတယ်။
ယေဇဗေလ သတ်ခဲ့တဲ့ အပြစ်မရှိသူတွေထဲမှာ နာဗုတ်တစ်ယောက်ပဲ မဟုတ်ဘူး။ ယေဟောဝါကိုချစ်တဲ့လူ အတော်များများကို သူသတ်ခဲ့တယ်။ ရုပ်တုတွေကို ကိုးကွယ်ပြီး မကောင်းတာတွေလည်း လုပ်တယ်။ ယေဟောဝါက ယေဇဗေလလုပ်တဲ့ မကောင်းတာအားလုံးကို မြင်တယ်။ ယေဟောဝါ သူ့ကို ဘာလုပ်မလဲ။
အာဟပ်သေပြီးနောက် သူ့သား ယောရံ ဘုရင်ဖြစ်လာတယ်။ ယေဟောဝါက ယေဇဗေလနဲ့ သူ့မိသားစုကို အပြစ်ပေးဖို့ ယေဟုကို စေလွှတ်လိုက်တယ်။
ယေဟုဟာ ယေဇဗေလနေတဲ့ ယေဇရေလမြို့ကို မြင်းရထားစီးပြီး ရောက်လာတယ်။ ယောရံလည်း မြင်းရထားစီးပြီး ယေဟုကို ထွက်ကြိုတယ်။ ‘အေးအေးဆေးဆေးပဲလား’ လို့မေးတော့ ယေဟုက ‘မင်းကြီးရဲ့မယ်တော် ယေဇဗေလ မကောင်းတာတွေ လုပ်နေသ၍ ဘယ်လို အေးဆေးနိုင်မလဲ’ လို့ ပြန်ဖြေတယ်။ ယောရံဟာ သူ့မြင်းရထားနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ယေဟုရဲ့ မြားမှန်ပြီး သေသွားတယ်။
အဲဒီနောက် ယေဟုဟာ ယေဇဗေလရှိတဲ့ နန်းတော်ဆီ ရောက်လာတယ်။ ယေဟုလာနေကြောင်း ယေဇဗေလကြားတော့ အလှပြင်ပြီး ပြတင်းပေါက်ကနေ စောင့်ကြည့်နေတယ်။ ယေဟုလည်း ရောက်ရော ရိုင်းရိုင်းစိုင်းစိုင်း နှုတ်ဆက်လိုက်တယ်။ ဒါနဲ့ ယေဟုက သူ့ဘေးမှာ ရပ်နေကြတဲ့ အရာရှိတွေကို ‘သူ့ကို တွန်းချလိုက်’ လို့ အော်ပြောတယ်။ သူတို့ကလည်း ယေဇဗေလကို ပြတင်းပေါက်ကနေ တွန်းချလိုက်တော့ သူကျပြီး သေသွားတယ်။
အဲဒီနောက် ယေဟုဟာ အာဟပ်ရဲ့သား ၇၀ ကို သတ်ပြီး ဗာလဝတ်ပြုမှုကို ပြည်တော်ကနေ ဖယ်ရှားလိုက်တယ်။ ယေဟောဝါဟာ အားလုံးကိုမြင်ပြီး အချိန်တန်တဲ့အခါ မကောင်းတာလုပ်သူတွေကို အပြစ်ပေးတယ်ဆိုတာ တွေ့တယ်မဟုတ်လား။
‘လောဘကြောင့်ရတဲ့ အမွေဟာ ကောင်းချီးဖြစ်မှာ မဟုတ်ဘူး။’ —ပညာအလိမ္မာ ၂၀:၂၁