သင်ခန်းစာ ၄၄
ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်
ရှောလမုန်ဟာ အစ္စရေးဘုရင်ဖြစ်လာပြီးနောက် ယေဟောဝါက သူ့ကို ‘ဘာလိုချင်လဲ’ လို့ မေးတဲ့အခါ ‘ကျွန်တော်ဟာ အသက်ငယ်သေးတယ်၊ ဘာလုပ်ရမယ် မသိဘူး။ ကိုယ်တော့်လူမျိုးကို အုပ်ချုပ်နိုင်ဖို့ ဉာဏ်ပညာပေးပါ’ လို့ ပြောတယ်။ ဒါနဲ့ ယေဟောဝါက ‘ဉာဏ်ပညာပေးဖို့ တောင်းလို့ မင်းကို ကမ္ဘာပေါ်မှာ ဉာဏ်ပညာအရှိဆုံးသူ ဖြစ်စေမယ်။ စည်းစိမ်ဥစ္စာတွေလည်း ပေးမယ်။ ငါ့စကားနားထောင်ရင် အသက်ရှည်မယ်’ လို့ ပြောတယ်။
ရှောလမုန်ဟာ ဗိမာန်တော်ကို စဆောက်တယ်။ အကောင်းဆုံး ရွှေ၊ ငွေ၊ သစ်သား၊ ကျောက်တွေကို သုံးတယ်။ ထောင်နဲ့ချီတဲ့ ကျွမ်းကျင်အလုပ်သမားတွေဟာ ဗိမာန်တော်ကို ဆောက်လုပ်ကြတယ်။ ခုနစ်နှစ်ကြာတော့ ဗိမာန်တော်ကို ယေဟောဝါဆီ အပ်နှံခဲ့ကြတယ်။ အဲဒီမှာ ပူဇော်ရာပလ္လင်ရှိတယ်။ ပူဇော်ရာပလ္လင်ရှေ့ ရှောလမုန် ဒူးထောက်ပြီး ‘အို၊ ယေဟောဝါ၊ ဒီဗိမာန်တော်ဟာ ကိုယ်တော် စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို လက်ခံပြီး ဆုတောင်းသံကို နားထောင်ပေးပါ’ လို့ အသနားခံတယ်။ ယေဟောဝါက အဲဒီဗိမာန်တော်နဲ့ ရှောလမုန်ဆုတောင်းတာကို ဘယ်လိုသဘောထားလဲ။ ရှောလမုန် ဆုတောင်းပြီးတာနဲ့ ကောင်းကင်က မီးကျပြီး ပူဇော်ရာပလ္လင်ပေါ်က ပူဇော်သက္ကာတွေ လောင်ကျွမ်းကုန်တယ်။ ဗိမာန်တော်ကို ယေဟောဝါ လက်ခံတဲ့ သက်သေပဲ။ ဒါကို အစ္စရေးတွေ မြင်တဲ့အခါ ပျော်ရွှင်ကြတယ်။
ရှောလမုန်မင်းကြီးရဲ့ ဉာဏ်ပညာဟာ အစ္စရေးပြည်မှာသာမက တခြားပြည်တွေမှာပါ ကျော်ကြားသွားတယ်။ လူတွေမှာ ပြဿနာတွေရှိရင် ရှောလမုန်ဆီ လာကြတယ်။ ရှေဘဘုရင်မတောင် ခက်ခဲတဲ့မေးခွန်းတွေနဲ့ သူ့ကို ပညာစမ်းခဲ့တယ်။ ရှောလမုန်ရဲ့ အဖြေတွေကိုကြားပြီး ဘုရင်မက ‘လူတွေ မင်းကြီးအကြောင်း ပြောတာ မယုံခဲ့ဘူး။ အခုတော့ သူတို့ပြောတာထက် မင်းကြီးပိုတော်တယ်ဆိုတာ သိပြီ။ မင်းကြီးရဲ့ဘုရား ယေဟောဝါက ကောင်းချီးပေးနေတာကိုး’ လို့ပြောတယ်။ အဲဒီအချိန်မှာ အစ္စရေးပြည်သားတွေရဲ့ ဘဝဟာ ပျော်စရာကောင်းပြီး ငြိမ်းချမ်းသာယာတယ်။ ဒါပေမဲ့ မကြာခင် အခြေအနေတွေ ပြောင်းလဲတော့မယ်။
“အခု ဒီနေရာမှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။”—မဿဲ ၁၂:၄၂