သင်ခန်းစာ ၂၆
သူလျှိုတစ်ဆယ့်နှစ်ယောက်
အစ္စရေးတွေဟာ ဆိုင်းနိုင်းတောင်ကနေ ထွက်လာတယ်။ ပါရန်တောကန္တာရကိုဖြတ်ပြီး ကာဒေရှအရပ်ကို သွားတယ်။ အဲဒီမှာ ယေဟောဝါက မောရှေကို ‘မျိုးနွယ်တစ်နွယ်ကနေ တစ်ယောက်၊ လူ ၁၂ ယောက်ကို ရွေးပြီး အစ္စရေးတွေကိုပေးမယ့် ခါနန်ပြည်ကို ထောက်လှမ်းဖို့ လွှတ်လိုက်ပါ’ လို့ပြောတယ်။ ဒါနဲ့ မောရှေလည်း လူ ၁၂ ယောက်ရွေးပြီး ‘ခါနန်ပြည်ကို သွားပါ။ အဲဒီပြည်က စိုက်ပျိုးလို့ကောင်းမကောင်း၊ ပြည်သားတွေက ခွန်အားကြီးသလား၊ အားနည်းသလား၊ တဲနဲ့နေသလား၊ ခံတပ်နဲ့နေသလား ဆိုတာတွေ သွားစုံစမ်းပါ’ လို့ပြောတယ်။ ယောရှုနဲ့ ကာလက်အပါအဝင် သူလျှို ၁၂ ယောက်ဟာ ခါနန်ပြည်ကို ထွက်သွားကြတယ်။
ရက် ၄၀ ကြာပြီးနောက် သဖန်းသီး၊ သလဲသီး၊ စပျစ်သီးတွေယူလာပြီး သူလျှိုတွေ ပြန်ရောက်လာတယ်။ ‘ပြည်ကတော့ကောင်းပေမဲ့ ပြည်သားတွေက အားကောင်းမောင်းသန်ကြီးတွေ၊ ခံတပ်မြို့ကြီးတွေမှာ နေကြတာ’ လို့ပြန်ပြောကြတယ်။ ကာလက်က ‘သူတို့ကို ကျုပ်တို့ အနိုင်ရမှာပါ။ ချက်ချင်း သွားစစ်တိုက်ရအောင်’ လို့ ပြောတယ်။ ကာလက် ဘာလို့ အဲဒီလိုပြောတာလဲ သိလား။ သူနဲ့ ယောရှုဟာ ယေဟောဝါကို ယုံကြည်ကိုးစားလို့ပဲ။ တခြား သူလျှိုဆယ်ယောက်ကတော့ ‘အဲဒီကလူတွေဟာ လူထွားကြီးတွေ။ ကျုပ်တို့က သူတို့နဲ့ယှဉ်ရင် နှံကောင်တွေလိုပဲ’ လို့ပြောကြတယ်။
အစ္စရေးတွေ စိတ်ပျက်ကုန်ကြတယ်။ ပြစ်တင်ညည်းညူပြီး ‘ခေါင်းဆောင် နောက်တစ်ယောက် ခန့်ပြီး အီဂျစ်ပြည် ပြန်သွားကြစို့။ ခါနန်ပြည်ကိုသွားပြီး ဘာလို့အသေခံမှာလဲ’
လို့ပြောကြတော့ ယောရှုနဲ့ ကာလက်က ‘ယေဟောဝါကို မပုန်ကန်ကြပါနဲ့၊ မကြောက်ကြနဲ့။ ယေဟောဝါ ကာကွယ်ပေးလိမ့်မယ်’ လို့ပြောပေမဲ့ အစ္စရေးတွေ နားမထောင်ကြဘူး။ ယောရှုနဲ့ ကာလက်ကို သတ်တောင်သတ်ပစ်ချင်ကြတယ်။ယေဟောဝါ ဘာလုပ်သလဲ။ ‘အစ္စရေးတွေအတွက် ငါ အားလုံးလုပ်ပေးပြီးတာတောင် သူတို့ ငါ့စကား နားမထောင်ကြသေးဘူး။ ဒါကြောင့် တောကန္တာရထဲမှာ အနှစ် ၄၀ နေပြီး သေကြရမယ်။ သူတို့ရဲ့ ကလေးတွေရယ်၊ ယောရှုနဲ့ ကာလက်ပဲ ငါကတိပေးထားတဲ့ပြည်မှာ နေခွင့်ရမယ်’ လို့ မောရှေကို ပြောတယ်။
“ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ကြောက်နေတာလဲ။”—မဿဲ ၈:၂၆