သင်ခန်းစာ ၁၈
မီးလောင်နေတဲ့ ချုံပုတ်
မောရှေဟာ မိဒျန်ပြည်မှာ အနှစ် ၄၀ နေခဲ့တယ်။ အိမ်ထောင်ကျပြီး ကလေးတွေ ရလာတယ်။ တစ်နေ့၊ ဆိုင်းနိုင်းတောင်နားမှာ သိုးကျောင်းနေတုန်း ထူးဆန်းတာတစ်ခု တွေ့လိုက်တယ်။ ချုံပုတ်တစ်ခုက မီးလောင်နေပေမဲ့ လောင်ကျွမ်းမသွားဘူး။ ဘာများလဲဆိုတာ မောရှေ သိချင်လို့ အနားသွားကြည့်တဲ့အခါ ‘မောရှေ၊ ရှေ့မတိုးလာနဲ့။ မင်းရပ်နေတဲ့ နေရာဟာ မြင့်မြတ်လို့ ဖိနပ်ချွတ်ပါ’ ဆိုတဲ့ ချုံပုတ်ထဲက အသံကို ကြားလိုက်ရတယ်။ ကောင်းကင်တမန်ကတစ်ဆင့် ယေဟောဝါ ပြောနေတာ။
မောရှေဟာ ကြောက်သွားလို့ မျက်နှာကို ကာလိုက်တယ်။ အသံရှင်က ‘အစ္စရေးတွေရဲ့ ဆင်းရဲဒုက္ခကို ငါ မြင်နေရတယ်။ အီဂျစ်လက်ကနေ သူတို့ကို ကယ်တင်ပြီး ကောင်းမွန်တဲ့ပြည်ကို ခေါ်သွားမယ်။ ငါ့လူမျိုးကို အီဂျစ်ပြည်ကနေ ကယ်ထုတ်လာရမယ့်သူဟာ မင်းပဲ’ လို့ပြောတယ်။ မောရှေ သိပ်အံ့ဩသွားမှာပဲ။
မောရှေက ‘ဘယ်သူလွှတ်လိုက်တာလဲလို့ လူတွေ မေးရင်ကော’ လို့ ပြန်မေးတော့ ‘အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား ယေဟောဝါ လွှတ်လိုက်တာလို့ ပြောလိုက်ပါ’ လို့ ပြန်ဖြေတယ်။ ‘ကျွန်တော်ပြောတာ မယုံကြရင်ကော’ လို့ထပ်မေးတော့ ယေဟောဝါက သူ့ကိုကူညီမယ့်အကြောင်း သက်သေပြတယ်။ ကိုင်ထားတဲ့တောင်ဝှေးကို လွှတ်ချလိုက်ပါလို့ မောရှေကိုပြောတယ်။ မောရှေလွှတ်ချလိုက်တော့ တောင်ဝှေးဟာ မြွေဖြစ်သွားပါလေရော။ မြွေရဲ့အမြီးကို ဆွဲဖမ်းလိုက်တော့ တောင်ဝှေးပြန်ဖြစ်သွားတယ်။ ‘ဒီအံ့ဖွယ်အမှုကို လုပ်ပြရင် မင်းကို ငါလွှတ်လိုက်တာ သူတို့သိလိမ့်မယ်’ လို့ ယေဟောဝါပြောတယ်။
‘ကျွန်တော်ဟာ စကားပြောသွက်တဲ့သူ မဟုတ်ပါဘူး’ လို့ မောရှေပြောတဲ့အခါ ယေဟောဝါက ‘ဘာပြောရမယ်ဆိုတာ ငါ ပြောပြမယ်၊ မင်းကိုကူညီပေးဖို့ မင်းအစ်ကို အာရုန်ကို လွှတ်ပေးမယ်’ လို့ ကတိပေးတယ်။ ယေဟောဝါ သူနဲ့အတူရှိတယ်ဆိုတာ သိလိုက်ရလို့ မောရှေဟာ မိန်းမနဲ့ သားတွေကို ခေါ်ပြီး အီဂျစ်ပြည်ကို ပြန်လာခဲ့တယ်။
“ခင်ဗျားတို့ကို အပ်နှံတဲ့အခါ ဘယ်လိုပြောရမလဲ၊ ဘာပြောရမလဲဆိုပြီး တွေးပူမနေပါနဲ့။ ပြောရမယ့်စကားကို အဲဒီအချိန်ကျရင် သိလာလိမ့်မယ်။” —မဿဲ ၁၀:၁၉