သင်ခန်းစာ ၉
သားတစ်ယောက်ရလာ
အာဗြဟံနဲ့ စာရာဟာ လက်ထပ်ပြီးတာ နှစ်အတော်ကြာနေပြီ။ ဥရမြို့က အိမ်ကို ထားခဲ့ပြီး တဲနဲ့ပဲနေကြတယ်။ အဲဒီလိုနေရလို့ စာရာ မညည်းညူဘူး။ ယေဟောဝါဘုရားကို သူယုံကြည်ကိုးစားလို့ပေါ့။
စာရာဟာ သားတစ်ယောက် သိပ်လိုချင်နေတော့ ‘ကျွန်မရဲ့ ကျွန် ဟာဂရကို ယူပါ။ သူသာ ကလေးရမယ်ဆိုရင် အဲဒီကလေးက ကျွန်မကလေးပဲ’ လို့ အာဗြဟံကို ပြောတယ်။ ဟာဂရ သားလေးမွေးတဲ့အခါ သူ့ကို အိရှမေလလို့ နာမည်ပေးတယ်။
အာဗြဟံအသက် ၉၉ နှစ်၊ စာရာအသက် ၈၉ နှစ်မှာ ဧည့်သည်သုံးယောက် ရောက်လာတယ်။ အာဗြဟံဟာ သူတို့သုံးယောက်ကို သစ်ပင်အောက်မှာ ခဏအနားယူပြီး စားသောက်ဖို့ ဖိတ်ခေါ်တယ်။ အဲဒီဧည့်သည်သုံးယောက်က ဘယ်သူတွေလဲ သိလား။ ကောင်းကင်တမန်တွေ။ သူတို့က အာဗြဟံကို ‘နောက်နှစ် ဒီအချိန်မှာ မင်းနဲ့ မင်းဇနီး ကလေးတစ်ယောက် ရမယ်’ လို့ပြောတယ်။ စာရာက တဲထဲကနေ နားထောင်နေတာ။ ‘ငါက အသက်ကြီးနေပြီလေ။ ကလေးရနိုင်ပါ့မလား’ လို့တွေးပြီး ရယ်မိတယ်။
နောက်နှစ်မှာ ဘုရားသခင့်ကောင်းကင်တမန်တွေ ကြိုပြောခဲ့တဲ့အတိုင်း စာရာဟာ သားလေးတစ်ယောက် မွေးတယ်။ အာဗြဟံက သားလေးကို “ရယ်မောသူ” လို့ အဓိပ္ပာယ်ရှိတဲ့ အိဇက်လို့ နာမည်ပေးတယ်။
ငါးနှစ်အရွယ် အိဇက်ကို အိရှမေလ ကဲ့ရဲ့နေတာ စာရာ မြင်သွားတယ်။ သားဖြစ်သူကို ကာကွယ်ပေးချင်တော့ ဟာဂရနဲ့ အိရှမေလကို နှင်ထုတ်လိုက်ဖို့ အာဗြဟံကို တောင်းဆိုတယ်။ အစပိုင်းမှာတော့ အာဗြဟံ မနှင်ထုတ်ချင်ဘူး။ ဒါပေမဲ့ ယေဟောဝါက ‘စာရာရဲ့စကားကို နားထောင်လိုက်။ အိရှမေလကို ငါစောင့်ရှောက်ပေးမယ်။ ဒါပေမဲ့ ငါ့ကတိက အိဇက် ကနေပဲ ပြည့်စုံလာမှာ’ လို့ အာဗြဟံကို ပြောတယ်။
“စာရာက အရွယ်လွန်ချိန်မှာတောင် မျိုးနွယ်ကို ကိုယ်ဝန်ဆောင်နိုင်တာလည်း ယုံကြည်ခြင်းကြောင့်ပဲ။ ကတိပေးတဲ့အရှင်ဟာ သစ္စာရှိမှန်း သူယုံတာကိုး။” —ဟီဘရူး ၁၁:၁၁