သင်ခန်းစာ ၁၁
ယုံကြည်ခြင်း စမ်းသပ်ခံရ
အာဗြဟံဟာ သားဖြစ်သူ အိဇက်ကို ယေဟောဝါကို ချစ်ဖို့၊ ကိုယ်တော့်ကတိတွေကို ယုံကြည်ကိုးစားဖို့ သင်ပေးတယ်။ ယေဟောဝါက အိဇက် အသက် ၂၅ နှစ်မှာ အာဗြဟံအတွက် သိပ်ခက်တဲ့အလုပ်တစ်ခု လုပ်ခိုင်းတယ်။ ဘာအလုပ်ဖြစ်မလဲ။
ဘုရားသခင်က ‘မင်းရဲ့ တစ်ဦးတည်းသောသားကို ပူဇော်ဖို့ မောရိအရပ်က တောင်ပေါ်ကို ခေါ်သွားပါ’ လို့ ပြောတယ်။ ယေဟောဝါ ဘာလို့ အဲဒီလိုလုပ်ခိုင်းမှန်း အာဗြဟံမသိပေမဲ့ ယေဟောဝါစကား နားထောင်ခဲ့တယ်။
နောက်မနက်စောစောမှာ အာဗြဟံဟာ အိဇက်နဲ့ ကျွန်နှစ်ယောက်ကို ခေါ်ပြီး မောရိအရပ်ကို ထွက်သွားတယ်။ သုံးရက်ကြာတော့ အဝေးကနေ တောင်တွေကို မြင်နေရတယ်။ ကျွန်တွေကို စောင့်ခိုင်းပြီး ပူဇော်ဖို့ သူနဲ့အိဇက်ပဲ ထွက်သွားတယ်။ အိဇက်ကို ထင်းတွေသယ်ခိုင်းပြီး အာဗြဟံက ဓားကို ကိုင်ထားတယ်။ ဒီအခါ အိဇက်က ‘အဖေ၊ ပူဇော်မယ့်အကောင်က ဘယ်မှာလဲ’ လို့မေးတော့ အာဗြဟံက ‘ဘုရားသခင် ပြင်ဆင်ပေးမှာပေါ့ သားရယ်’ လို့ ပြန်ဖြေတယ်။
တောင်ပေါ်လည်းရောက်ရော ပူဇော်ရာပလ္လင် ဆောက်ကြတယ်။ ပြီးတော့ အိဇက်ရဲ့ ခြေလက်တွေကိုချည်ပြီး ပူဇော်ရာပလ္လင်ပေါ် တင်လိုက်တယ်။
အာဗြဟံဟာ ဓားကိုယူလိုက်တဲ့အခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က ‘အာဗြဟံ။ မင်းရဲ့သားကို ဘာမှမလုပ်ပါနဲ့။ မင်းရဲ့သားကိုတောင် ပေးတဲ့အတွက် မင်းဟာ ဘုရားကို ယုံကြည်တယ်ဆိုတာ အခု ငါသိပြီ’ လို့ပြောတယ်။ အဲဒီနောက် ချုံပုတ်မှာငြိနေတဲ့ သိုးထီးတစ်ကောင်ကို အာဗြဟံ မြင်သွားတယ်။
အိဇက်ကို မြန်မြန်ဆန်ဆန် ကြိုးဖြည်ပေးပြီး သိုးထီးကို ပူဇော်လိုက်တယ်။အဲဒီနေ့ကစပြီး ယေဟောဝါက အာဗြဟံ ကို မိတ်ဆွေလို့ ခေါ်တယ်။ ဘာလို့လဲ သိလား။ အာဗြဟံဟာ ယေဟောဝါ လုပ်ခိုင်းတာမှန်သမျှ လုပ်လို့ပဲ။ ဘာလို့လုပ်ခိုင်းမှန်း မသိတာတောင် လုပ်တယ်။
ယေဟောဝါက အာဗြဟံကို ‘မင်းကို ကောင်းချီးပေးမယ်၊ မင်းရဲ့မျိုးနွယ်ကို တိုးပွားများပြားစေမယ်’ လို့ ထပ်ပြီး ကတိပေးတယ်။ ဆိုလိုတာက အာဗြဟံရဲ့ မျိုးနွယ်ကတစ်ဆင့် ဘုရားစကားနားထောင်တဲ့ လူအားလုံး ကောင်းချီးခံစားရမှာဖြစ်တယ်။
“ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”—ယောဟန် ၃:၁၆