သင်ခန်းစာ ၈၃
ယေရှု လူထောင်နဲ့ချီကို ကျွေးမွေး
အေဒီ ၃၂၊ ပသခါပွဲ မတိုင်ခင်လေးမှာ တမန်တော်တွေဟာ လှည့်လည်ဟောပြောပြီး ပြန်ရောက်လာတယ်။ သူတို့ အတော်လေး မောနေကြလို့ အနားယူရအောင် ဗက်ဇဲဒမြို့ကို ယေရှု လှေနဲ့ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ လူထောင်နဲ့ချီ လိုက်လာတာကို ယေရှုမြင်တယ်။ တမန်တော်တွေနဲ့ပဲ ယေရှု နေချင်ပေမဲ့ လူတွေကို ကြင်ကြင်နာနာ ကြိုဆိုတယ်။ ပါလာတဲ့လူနာတွေကို ယေရှု ကုပေးပြီး စဟောတော့တယ်။ တစ်နေ့လုံး ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ပေးတယ်။ ညနေစောင်းတော့ တမန်တော်တွေက ‘သူတို့ ဆာနေမှာပဲ။ အစာစားဖို့ ပြန်လွှတ်လိုက်ပါ’ လို့ပြောတယ်။
ယေရှုက ‘သူတို့ သွားစရာ မလိုပါဘူး။ အစာကျွေးလိုက်ပါ’ လို့ပြောတော့ တမန်တော်တွေက ‘သူတို့အတွက် အစားအစာ သွားဝယ်ပေးရမှာလား’ လို့မေးတယ်။ တမန်တော် ဖိလိပ္ပုက ‘ပိုက်ဆံအများကြီး ရှိရင်တောင် ဒီလူအုပ်အတွက် စားစရာ အလုံအလောက် ဝယ်လို့ရမှာ မဟုတ်ဘူး’ လို့ပြောတယ်။
ယေရှုက ‘ငါတို့မှာ အစားအစာ ဘယ်လောက်ရှိသလဲ’ လို့ မေးတော့ အန္ဒြေက ‘မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတယ်။ ဘယ်လိုလုပ် လောက်နိုင်မှာလဲ’ တဲ့။ ဒါနဲ့ ယေရှုက ‘အဲဒီမုန့်နဲ့ ငါးကို ယူလာပါ’ လို့ပြောတယ်။ မြက်ခင်းပေါ်မှာ လူတွေကို ၅၀ စီ၊ ၁၀၀ စီ အုပ်စုဖွဲ့ ထိုင်ခိုင်းပြီး မုန့်နဲ့ ငါးကို ယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။ အဲဒီနောက် စားစရာကို တမန်တော်တွေဆီ ပေးလိုက်ပြီး သူတို့က လူတွေကို ဝေပေးတယ်။ ယောက်ျား ၅,၀၀၀၊ မိန်းမတွေ၊ ကလေးတွေပါ အဝစားပြီးတော့ စားကြွင်းစားကျန်တွေကို လိုက်ကောက်သိမ်းတဲ့အခါ တောင်း ၁၂ လုံး အပြည့်ရတယ်။ တကယ် အံ့သြစရာ ကောင်းတယ် မဟုတ်လား။
လူတွေက ယေရှုကို အထင်ကြီးပြီး ဘုရင်မြှောက်ချင်ကြတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ အချိန်မတန်သေးမှန်း ယေရှု သိတယ်။ ဒါကြောင့် လူအုပ်ကို ပြန်ခိုင်းပြီး တမန်တော်တွေကို ဂါလိလဲအိုင် တစ်ဖက်ကမ်းကို သွားနှင့်ဖို့ မှာတယ်။ တမန်တော်တွေ လှေစီးပြီး ထွက်သွားတဲ့အခါ ယေရှု တောင်ပေါ် တက်သွားတယ်။ ဘာကြောင့်လဲ သိလား။ သူ့အဖေဆီ ဆုတောင်းချင်လို့။ ယေရှုဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ ဆုတောင်းဖို့ အချိန်ပေးတယ်။
“ပျက်စီးတတ်တဲ့အစာကို မဟုတ်ဘဲ ထာဝရအသက်ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ။ လူသားက ခင်ဗျားတို့ကို အဲဒီအစာ ပေးလိမ့်မယ်။” —ယောဟန် ၆:၂၇