“ကြိုးစားတက်လှမ်းနေသလား”
ဖနန်ဒို * အကြီးအကျယ် စိတ်လှုပ်ရှားနေတာ။ အကြီးအကဲနှစ်ယောက်က သူနဲ့ စကားပြောချင်တယ်လို့ လာပြောလို့ပါ။ တိုက်နယ် လည်ပတ်တာ အကြိမ်ကြိမ်ရှိသွားပြီ။ အသင်းတော်မှာ အခွင့်အရေးတွေ ထပ်ရချင်ရင် ဘာလုပ်ရမယ့်အကြောင်း အကြီးအကဲတွေ ပြောဖူးတယ်။ အချိန်ကုန်လွန်လာတော့ ဘယ်တော့အကြီးအကဲ ခန့်မလဲလို့ သူစဉ်းစားမိတယ်။ အခုလည်း တိုက်နယ် လာပတ်သွားပြန်ပြီ။ အကြီးအကဲတွေ ဒီတစ်ခါ ဘာပြောမလဲလို့ စဉ်းစားနေတာ။
အကြီးအကဲတစ်ယောက် ပြောတာကို ဖနန်ဒို ဂရုစိုက်နားထောင်နေတယ်။ ၁ တိမောသေ ၃:၁ ကို သူရည်ညွှန်းပြီး ဖနန်ဒိုကို အသင်းတော်အကြီးအကဲ ခန့်အပ်လိုက်တဲ့အကြောင်း ပြောပြတယ်။ ဖနန်ဒိုလည်း အံ့အားသင့် ဝမ်းသာလို့ “ဘာပြောလိုက်သလဲ ညီအစ်ကို” ဆိုပြီး မေးတယ်။ ညီအစ်ကိုက ထပ်ပြောတဲ့အခါ ဖနန်ဒို ပြုံးမိတယ်။ အဲဒီနောက် အသင်းတော်ကို ဒီသတင်း ကြေညာတဲ့အခါ ဝမ်းသာကြတယ်။
အသင်းတော်မှာ အခွင့်အရေးတွေ ရချင်တာဟာ မှားသလား။ မမှားပါဘူး။ ၁ တိမောသေ ၃:၁ ဆိုတဲ့အတိုင်း “ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့အလုပ်ကို လိုလားတဲ့သူပဲ။” ခရစ်ယာန်ညီအစ်ကို အတော်များများက အဲဒီအားပေးစကားကို သဘောကျကြပြီး အသင်းတော်မှာ အခွင့်အရေးတွေ ရနိုင်ဖို့ အရည်အချင်းရှိအောင် ကြိုးစားကြတယ်။ ဒါကြောင့်လည်း စွမ်းရည်ရှိ အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေရှိလို့ ဘုရားလူမျိုးဟာ ကောင်းချီးခံစားနေကြရတာ။ အသင်းတော်တွေ တိုးတက်လာနေလို့ ညီအစ်ကို အတော်များများ ကြိုးစားတက်လှမ်းဖို့ လိုအပ်နေပါတယ်။ ဘယ်လို ကြိုးစားသင့်သလဲ။ အကြီးအကဲဖြစ်လာဖို့ ကြိုးစားနေသူဟာ ဖနန်ဒိုလို ဘယ်တော့များ အကြီးအကဲဖြစ်မလဲဆိုပြီး တွေးပူနေသင့်သလား။
“ကြိုးစားတက်လှမ်း” ဆိုတာ ဘာကိုဆိုလိုသလဲ
ဂရိကြိယာကနေ ပြန်ဆိုထားတဲ့ “ကြိုးစားတက်လှမ်း” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းဟာ အလေးအနက်သဘောထားနဲ့ ရချင်တဲ့ စိတ်၊ လက်လှမ်းမီအောင် ကြိုးစားတာကို ဆိုလိုတာပါ။ ဒီလိုပြောတော့ အပင်ပေါ်က စားချင်စဖွယ် အသီးတစ်လုံးကို မရရအောင် လှမ်းယူနေပုံကို မြင်ယောင်မိမယ်။ ဒါပေမဲ့ “ကြိုးစားတက်လှမ်း” တာဟာ “ကြီးကြပ်မှူး” ဖြစ်ခွင့်ကို ငမ်းငမ်းတက် သဘောမျိုးနဲ့ လှမ်းယူနေတာ မဟုတ်ပါဘူး။ အကြောင်းကတော့ ရာထူးတစ်ခု ရဖို့မဟုတ်ဘဲ အကြီးအကဲတစ်ဦးအဖြစ် “မွန်မြတ်တဲ့အလုပ်” ကို လုပ်ချင်လို့ဖြစ်တယ်။
ဒီမွန်မြတ်တဲ့အလုပ် လုပ်ချင်သူတွေမှာ ရှိရမယ့် အရည်အချင်းတွေကို ၁ တိမောသေ ၃:၂-၇ နဲ့ တိတု ၁:၅-၉ မှာ ဖော်ပြထားတယ်။ အဲဒီ အရည်အချင်းကောင်းတွေနဲ့ပတ်သက်ပြီး သက်တမ်းကြာ အကြီးအကဲ ရေမန် ဒီလိုရှင်းပြတယ်။ “ကျွန်တော့်အတွက်တော့ ငါဟာ ဘယ်လိုလူစားလဲဆိုတာက အဓိကပါ။ ဟောပြောသွန်သင်ပေးတဲ့အရည်အချင်းက အရေးကြီးမှန်းသိတယ်။ ဒါပေမဲ့ အပြစ်ပြောစရာမရှိသူ၊ ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊ စည်းစနစ်ရှိသူ၊ ဧည့်ဝတ်ကျေပွန်သူ၊ အကျိုးသင့် အကြောင်းသင့်ရှိသူ ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ယူမှတ်တယ်။”
“ကြိုးစားတက်လှမ်း” ချင်တဲ့ ညီအစ်ကိုတစ်ယောက်ဟာ မရိုးသားတာ၊ မသန့်ရှင်းတာ မှန်သမျှကို ရှောင်မယ်။ ဒီလိုနဲ့ အပြစ်ပြောစရာမရှိသူ ဖြစ်မယ်။ သူဟာ အစွန်းမရောက်သူ၊ ချင့်ချိန်တတ်သူ၊ စည်းစနစ်ရှိသူ၊ အကျိုးသင့် အကြောင်းသင့်ရှိသူ ဖြစ်မယ်။ ဒါကြောင့် တခြား ညီအစ်ကို/မတွေက သူ့ဦးစီးမှုကို စိတ်ချလက်ချရှိပြီး မိမိတို့ အခက်အခဲပြဿနာကို ရင်ဖွင့် အကူအညီတောင်းမယ်။ ဧည့်ဝတ်ကျေပွန်သူဖြစ်တဲ့အတွက်လည်း လူငယ်တွေ၊ လူသစ်တွေကို အားပေးတည်ဆောက်သူဖြစ်မယ်။ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူဖြစ်လို့ လူနာနဲ့ သက်ကြီးရွယ်အိုတွေကို နှစ်သိမ့်ကူညီပေးတတ်မယ်။ သူတစ်ပါးကို အကျိုးပြုချင်လို့ ဒီအရည်အသွေးတွေကို ပြုစုပျိုးထောင်တာပါ။ အကြီးအကဲ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ *
အကြီးအကဲအဖွဲ့ဟာ အကြံပြုချက်တွေ၊ အားပေးချက်တွေကို လိုလိုလားလားပေးကြတယ်။ ကြိုးစားတက်လှမ်းနေသူတွေကလည်း ကျမ်းစာမှာပါတဲ့ အရည်အချင်းတွေ ပြည့်မီဖို့ ကြိုးစားရမယ်။ အတွေ့အကြုံရှိ အကြီးအကဲ ဟင်နရီ ဒီလိုပြောတယ်။ “ကြိုးစားတက်လှမ်းနေတယ်ဆိုရင် အရည်အချင်းပြည့်မီအောင် ကြိုးစားပါ။ ဒေသနာ ၉:၁၀ ကို ညွှန်းပြီး ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ အကြီးအကဲတွေ ပေးတဲ့ ဘယ်တာဝန်ကိုမဆို အကောင်းဆုံးလုပ်ပါ။ ကြမ်းတိုက်တဲ့အလုပ်အပါအဝင် ပေးတဲ့အလုပ်အားလုံးကို တန်ဖိုးထားပါ။ အချိန်တန်တဲ့အခါ ကိုယ့်အလုပ်နဲ့ ကြိုးစားမှုကို သတိထားမိပါလိမ့်မယ်။” တစ်နေ့ အကြီးအကဲဖြစ်ချင်တယ်ဆိုရင် မြင့်မြတ်တဲ့ လုပ်ငန်းမှန်သမျှမှာ အလုပ်ကြိုးစားပြီး ယုံကြည်စိတ်ချထိုက်သူဖြစ်အောင် လုပ်ပါ။ မာနမကြီးဘဲ နှိမ့်ချစိတ်ကို မွေးမြူသင့်တယ်။—မ. ၂၃:၈-၁၂။
မသင့်တော်တဲ့ အတွေးနဲ့ လုပ်ရပ်တွေကို ငြင်းပယ်ပါ
အသင်းတော်မှာ အခွင့်အရေးလိုချင်သူတချို့ဟာ အကြီးအကဲအဖွဲ့ကို မသိမသာနည်းနဲ့ အရိပ်အမြွက်ပြတာမျိုး ရှိနိုင်တယ်။ တချို့ကျတော့ အကြီးအကဲတွေ အကြံပေးတာကို လက်မခံတဲ့ ပုံစံမျိုး ပြကြတယ်။ အဲဒီလိုလူမျိုးဟာ ‘ကိုယ့်အကျိုးအတွက်ပဲ လိုချင်တာလား၊ ယေဟောဝါရဲ့ သိုးတွေကို နှိမ့်ချမှုနဲ့ ဂရုစိုက်ချင်တာလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။
ကြိုးစားတက်လှမ်းသူတွေဟာ “သိုးတော်စုရှေ့မှာ စံနမူနာ ပြကြပါ” ဆိုတဲ့ အကြီးအကဲတွေမှာ ရှိရမယ့် အရည်အချင်းကို မမေ့သင့်ဘူး။ (၁ ပေ. ၅:၁-၃) အသင်းတော်ရဲ့ စံနမူနာဖြစ်သူဟာ မရိုးသားတဲ့ အတွေးနဲ့ လုပ်ရပ်တွေကို ရှောင်ရမယ်။ အကြီးအကဲတာဝန် ရတာဖြစ်ဖြစ်၊ မရသေးတာဖြစ်ဖြစ် စိတ်ရှည်ရမယ်။ အကြီးအကဲဖြစ်သွားတာနဲ့ အားနည်းချက်တွေ မရှိတော့တာ မဟုတ်ဘူး။ (တော. ၁၂:၃။ ဆာ. ၁၀၆:၃၂၊ ၃၃) ညီအစ်ကိုတစ်ယောက်ဟာ “မကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ကြည်” နေနိုင်ပေမဲ့ တခြားသူတွေက သူ့ကို အမြင်စောင်းနေတာမျိုး ဖြစ်နိုင်တယ်။ (၁ ကော. ၄:၄) ဒါကြောင့် အကြီးအကဲတွေက ကျမ်းစာနဲ့ အကြံပေးလာရင် လိုလိုလားလား နားထောင်လိုက်ပါ။ အကြံပေးတဲ့အတိုင်း လုပ်ဆောင်ပါ။
စောင့်နေရတာ ကြာနေရင်ကော
ခန့်အပ်မခံရခင် စောင့်နေရတာ အကြာကြီးပဲလို့ တချို့ ယူမှတ်ကြမယ်။ “ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားတက်လှမ်း” နေတာ နှစ်အတော်ကြာလာပြီဆိုတော့ စိတ်ပျက်အားလျော့တဲ့ အခါတွေ ရှိလား။ ရှိတယ်ဆိုရင် ဒီကျမ်းစကားတွေကို သတိရပါ။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်။ လိုအင်ဆန္ဒ ပြည့်ဝတဲ့အခါမှာတော့ အသက်ပင်ပဲ။”—ပ. ၁၃:၁၂။
ကိုယ်လိုချင်တဲ့ ပန်းတိုင် မရောက်နိုင်ပုံ ပေါက်တဲ့အခါ စိတ်အားလျော့နိုင်တယ်။ အာဗြဟံ အဲဒီလို ခံစားခဲ့ရတယ်။ သားတစ်ယောက်ပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့ပေမယ့် နှစ်အတော်ကြာ သူနဲ့စာရာ ကလေးမရသေးဘူး။ (က. ၁၂:၁-၃၊ ၇) အသက်ကြီးလာတဲ့ အာဗြဟံ အခုလိုပြောခဲ့တယ်။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်မှာ သားသမီးမရှိတော့ ကိုယ်တော်ပေးမယ့်ဆုကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။” ယေဟောဝါက သားတစ်ယောက်ပေးပြီး ကတိပြည့်စုံစေမယ်လို့ အာမခံခဲ့တယ်။ ဒါပေမဲ့ အနည်းဆုံး ၁၄ နှစ်ကျော်ကြာမှ ကတိတော်ပြည့်စုံလာတယ်။—က. ၁၅:၂-၄။ ၁၆:၁၆။ ၂၁:၅။
အာဗြဟံက စောင့်ဆိုင်းနေစဉ်အတွင်း ပျော်ရွှင်မှု ပျောက်ဆုံးခဲ့သလား။ မပျောက်ဆုံးခဲ့ဘူး။ ဘုရားပေးတဲ့ ကတိတော်ကို သူတစ်ခါမှ သံသယမဝင်ခဲ့ဘူး။ ဆက်ပြီး စောင့်မျှော်ခဲ့တယ်။ တမန်တော်ပေါလု ဒီလို ရေးခဲ့တယ်။ “အာဗြဟံက စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့နောက် အဲဒီကတိအတိုင်း ခံစားခဲ့ရတယ်။” (ဟီ. ၆:၁၅) သစ္စာရှိသူ အာဗြဟံဟာ အတိုင်းထက်အလွန် ကောင်းချီး ခံစားခဲ့ရတယ်။ သူ့ဆီကနေ ဘာသင်ယူနိုင်သလဲ။
သင်ဟာ အကြီးအကဲအဖြစ် အမှုဆောင်ချင်ပေမယ့် နှစ်အတော်ကြာတဲ့အထိ ဖြစ်မလာသေးဘူးဆိုရင်တောင် ယေဟောဝါကို ဆက်ယုံကြည်နေပါ။ အမှုတော်ဆောင်ရာမှာ ဆက်ပျော်ရွှင်နေပါ။ ဘုရားရေးရာမှာ ဆက်ပြီးတိုးတက်နေဖို့ ညီအစ်ကိုအများကြီးကို ကူညီပေးခဲ့သူ ဝေါ်ရန် အခုလို ရှင်းပြတယ်။ “တာဝန်တစ်ခုကို ယူဖို့ အရည်အချင်းရှိမရှိ သိရအောင် အချိန်လိုတယ်။” ညီအစ်ကိုတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်၊ သဘောထား၊ တာဝန်ထမ်းဆောင်ပုံကို အချိန်ကြာလာလေ သိမြင်လာရလေပဲ။ အခွင့်ထူးရမှ အောင်မြင်သူဖြစ်တယ်လို့ တချို့ ယူမှတ်ကြတယ်။ အဲဒီလိုစဉ်းစားတာဟာ နည်းမမှန်တဲ့အပြင် ဒါကိုပဲ စွဲလမ်းတမ်းတနေနိုင်တယ်။ ဘယ်မှာပဲ နေပါစေ၊ ဘာတာဝန်ကိုပဲ လုပ်ကိုင်နေပါစေ ယေဟောဝါ အမှုတော်ကို သစ္စာရှိရှိ ဆောင်ရွက်နေမယ်ဆိုရင် သင်ဟာ အောင်မြင်တဲ့သူ ပါပဲ။
ညီအစ်ကိုတစ်ယောက်ဆိုရင် အကြီးအကဲခန့်အပ်ခံရဖို့ ဆယ်နှစ်ကျော် စောင့်ဆိုင်းခဲ့ရတယ်။ ယေဇကျေလကျမ်း အခန်းကြီး ၁ ထဲက လူသိများတဲ့ သရုပ်ဖော်ပုံကနေ သူရတဲ့ သင်ခန်းစာကို ဒီလို ပြောပြတယ်။ “ယေဟောဝါက သူ့ရဲ့ ရထားဖြစ်တဲ့ အဖွဲ့အစည်းကို ကြိုက်တဲ့နှုန်းနဲ့ မောင်းနှင်နေတယ်။ ကျွန်တော်တို့ရဲ့ အချိန်မဟုတ်ဘဲ ယေဟောဝါရဲ့ အချိန်ကသာ အရေးကြီးတာပါ။ အကြီးအကဲဖြစ်ဖို့နဲ့ပတ်သက်ပြီး ကျွန်တော် ဖြစ်ချင်တာ၊ လိုချင်တာက အရေးမကြီးဘူး။ ကျွန်တော်လိုချင်တာက ကျွန်တော်လိုအပ်နေတာ ဟုတ်ချင်မှ ဟုတ်မယ်ဆိုတာကို ယေဟောဝါသိလို့ပဲ။”
ခရစ်ယာန်အကြီးအကဲဖြစ်ချင်လို့ တက်လှမ်းနေတယ်ဆိုရင် အသင်းတော်မှာ ပျော်ရွှင်စည်းလုံးမှုရှိဖို့ ကြိုးစားပါ။ ကြန့်ကြာနေပုံ ပေါက်ရင်တောင် စိတ်မပျက်ပါနဲ့။ စိတ်ရှည်ပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရေမန် အခုလိုပြောတယ်။ “ရည်မှန်းချက် ကြီးခြင်းဟာ ရောင့်ရဲခြင်းရဲ့ ရန်သူပဲ။ အမြဲတမ်း စိတ်ပျက်အားလျော့ နေသူဟာ ဘုရားသခင့် အမှုဆောင်မှာ မပျော်ရွှင်တော့ဘူး။ ဘုရားသခင့်စွမ်းအားတော်အရည်အသွေး၊ အထူးသဖြင့် စိတ်ရှည်ခြင်းကို မွေးမြူပါ။ ကျမ်းစာကိုဖတ်ရှုလေ့လာပြီး ဘုရားနဲ့ ပိုရင်းနှီးလာအောင် လုပ်ပါ။ သတင်းကောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ တိုးချဲ့ပါဝင်ပါ။ ဘုရားရေးရာလုပ်ငန်းဆောင်တာနဲ့ မိသားစုဝတ်ပြုမှုမှာ ဦးဆောင်ပါ။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းရတဲ့ အခွင့်အရေးတွေကို တန်ဖိုးထားပါ။ ကိုယ့်ပန်းတိုင်ကို ရောက်ဖို့ တက်လှမ်းလေ ပျော်ရွှင်လေပဲ။
အသင်းတော်မှာ အခွင့်ထူးတွေရဖို့ ကြိုးစားတက်လှမ်းနေခြင်းဟာ ယေဟောဝါဆီက ကောင်းချီးတစ်ခုပါ။ ဘုရားရော အဖွဲ့အစည်းကပါ တက်လှမ်းနေသူတွေ စိတ်ပျက်သွားတာ၊ မပျော်ရွှင်တော့တာမျိုး မဖြစ်စေချင်ဘူး။ စိတ်ရင်းမှန်နဲ့ အမှုဆောင်သူအားလုံးကို ဘုရားထောက်မပြီး ကောင်းချီးပေးတယ်။ ဘုရားရဲ့ ကောင်းချီးတွေမှာ “နာကျင်စရာတွေ မရောဘူး” ဆိုတာ အမှန်ပါပဲ။—ပ. ၁၀:၂၂။
ကြိုးစားတက်လှမ်းတာ ကြာနေပြီဆိုရင်တောင် ဆက်တိုးတက်စရာ ရှိနေပါသေးတယ်။ အရည်အချင်းပြည့်မီဖို့၊ အသင်းတော်မှာ ကြိုးစားနေရင်း မိသားစုကိုလည်း ဂရုစိုက်နေတာကို ယေဟောဝါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဘာတာဝန်ပဲရရ ယေဟောဝါအမှုတော်ကို ပျော်ရွှင်စွာ ထမ်းဆောင်နိုင်ကြပါစေ။
^ အပိုဒ်၊ 2 အမည်လွှဲထား။
^ အပိုဒ်၊ 8 ဒီဆောင်းပါးမှာဖော်ပြထားတဲ့ မူတွေဟာ အသင်းတော်အမှုထမ်း ဖြစ်ချင်သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့မှာ ရှိရမယ့် အရည်အချင်းတွေကို ၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃ မှာ တွေ့နိုင်ပါတယ်။