၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်
အယ်လ်ဘေးနီးယား
အယ်လ်ဘေးနီးယားနိုင်ငံ၊ ဘရက်မြို့မှာ မကြာသေးခင်က ဆောက်လုပ်ခဲ့တဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးခန်းမ။ အတွင်းပုံ– အစည်းအဝေးခန်းမ အပ်နှံပွဲကို တက်ရောက်လာကြတဲ့ ညီအစ်ကို၊ ညီအစ်မ ၃၃၈ ယောက်ထဲကတချို့
အယ်လ်ဘေးနီးယား ဗေသလပြင်ပက ပထမဆုံးအစည်းအဝေးခန်းမ ဆက်ကပ်အပ်နှံ
၂၀၂၅ ခုနှစ်၊ မေ ၁၈ ရက်မှာ အယ်လ်ဘေးနီးယား ဌာနခွဲကော်မတီဝင် ညီအစ်ကို အာဘန် ဗက်စီးလီက အစည်းအဝေးခန်းမတစ်လုံး အပ်နှံခဲ့တယ်။ အယ်လ်ဘေးနီးယား ဗေသလ မြေကွက်မှာ ဆောက်တာမဟုတ်တဲ့ ဦးဆုံးအစည်းအဝေးခန်းမ ဖြစ်တယ်။ ဘရက်မြို့မှာ ပြုလုပ်တဲ့ ဒီသမိုင်းဝင် အပ်နှံပွဲအစီအစဉ်ကို ညီအစ်ကို၊ ညီအစ်မ စုစုပေါင်း ၃၃၈ ယောက် တက်ရောက်ခဲ့ကြတယ်။
၁၉၉၂ ခုနှစ်၊ မေလမှာ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ တရားဝင် ဘာသာရေးအဖွဲ့အစည်းအဖြစ် ယေဟောဝါသက်သေတွေ အသိအမှတ်ပြုခံရတယ်။ ဒါပေမဲ့ ဝတ်ပြုရေး အဆောက်အအုံ ဆောက်လုပ်ဖို့ တရားဝင် ခွင့်ပြုချက်ရမယ့် မြေနေရာ ရှာရသိပ်ခက်တယ်။ ဒါကြောင့် အယ်လ်ဘေးနီးယားမှာ ဆောက်ပြီးသား အဆောက်အအုံကို ဝယ်ယူပြီး အစည်းအဝေးခန်းမတွေအဖြစ် အသုံးပြုတာ ရှိသလို အသင်းတော်အများစုကတော့ ငှားရမ်းထားတဲ့ အဆောက်အုံတွေမှာပဲ စုဆုံကြတယ်။ အစည်းအဝေးခန်းမ ဆောက်လုပ်နိုင်မယ့် နေရာကိုတော့ ညီအစ်ကိုတွေ ဇွဲမလျှော့ဘဲ ကြိုးစားရှာဖွေခဲ့ကြတယ်။ ဒီလိုနဲ့ ဘရက်မြို့မှာ နေရာကောင်းတစ်ခု ရှာတွေ့သွားတယ်။ ဌာနခွဲရုံးရဲ့ တောင်ဘက် ၅၅ မိုင် အကွာလောက်မှာပါ။ ဥပဒေရေးရာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် မြေကွက်ကို ဝယ်ယူပြီး အစည်းအဝေးခန်းမတစ်လုံး အစအဆုံး ဆောက်လုပ်နိုင်ခဲ့ကြလို့ ညီအစ်ကိုတွေ သိပ်ဝမ်းသာကြတယ်။
အယ်လ်ဘေးနီးယားက ညီအစ်ကို၊ ညီအစ်မများစွာအတွက် ဘရက်မြို့ အစည်းအဝေးခန်းမ ဆောက်လုပ်တာဟာ ဆောက်လုပ်ရေးစီမံကိန်းမှာ ပါဝင်ဖို့ ပထမဆုံးအခွင့်အရေးဖြစ်
ဘရက်မြို့မှာရှိတဲ့ အသင်းတော်လေးခုက ညီအစ်ကို၊ ညီအစ်မ ၃၇၀ ကျော်က ခန်းမအသစ် ဆောက်လုပ်ရာမှာ လုပ်အားပေးခဲ့ကြတယ်။ ဒါ့အပြင် တခြားဒေသက ညီအစ်ကို၊ ညီအစ်မတွေလည်း ဆောက်လုပ်ရေးစီမံကိန်းကို လိုလိုလားလား ထောက်မပေးကြတယ်။ ဥပမာ၊ ကားနဲ့ တစ်နာရီကြာလောက် မောင်းရတဲ့ နေရာမှာ နေထိုင်တဲ့ ညီအစ်ကို ဘလယ်ရင်နဲ့ ဇနီး ဗယ်ရာဆိုရင် အစည်းအဝေးခန်းမ ဆောက်လုပ်ရေးမှာ ဦးဆုံးအကြိမ် လုပ်အားပေးခွင့်ရလို့ သိပ်စိတ်လှုပ်ရှားခဲ့ကြတယ်။ သူတို့ အခုလို ပြောတယ်– “မှန်မှန်ရှေ့ဆောင်တွေအနေနဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနေဖို့ ကြိုးစားကြတယ်။ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အခြေအနေကြောင့် ဆောက်လုပ်ရေးမှာ လုပ်အားပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ အခြေအနေကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ အံ့သြစရာကောင်းတာက ဈေးမှာ တစ်ပတ်တစ်ပတ် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ လုံလုံလောက်လောက် ရောင်းထွက်လို့ စီမံကိန်းအတွင်း လုပ်အားပေးဖို့ စရိတ် ကာမိသွားတယ်။ အစည်းအဝေးခန်းမ ဆောက်လုပ်ရေးမှာ လုပ်အားပေးရင်း ယေဟောဝါရဲ့ ထောက်မမှုကို မြင်ရလို့ အတိုင်းထက်အလွန် ဝမ်းသာမိတယ်။”
အပ်နှံပွဲအစီအစဉ်မှာ ညီအစ်ကို၊ ညီအစ်မတွေ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်နေကြ
လှပတင့်တယ်တဲ့ အစည်းအဝေးခန်းမတစ်လုံး ရရှိပြီဖြစ်လို့ အယ်လ်ဘေးနီးယားက ညီအစ်ကို၊ ညီအစ်မတွေနဲ့ ထပ်တူထပ်မျှ ဝမ်းသာပါတယ်။ “ယေဟောဝါကို ဘုန်းထင်းရှာစေပြီး ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေ” တဲ့ ဒီခန်းမအတွက် ဘုရားကို ကျေးဇူးတင်ချီးမွမ်းပါတယ်။—ဖိလိပ္ပိ ၁:၁၁။