၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်
ဂရိ

၂၀၁၉၊ အေသင်မြို့မှာ ကျင်းပတဲ့ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး အပါအဝင် ယေဟောဝါသက်သေတွေက အတူတကွ စုဆုံစည်းဝေးလာကြတာ နှစ်တစ်ရာတိုင်ပြီ

၂၀၂၅ မှာ ဂရိနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ကြွယ်ဝတဲ့ သမိုင်းမှတ်တမ်းကို ပြန်အမှတ်ရကြ

၂၀၂၅ မှာ ဂရိနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ကြွယ်ဝတဲ့ သမိုင်းမှတ်တမ်းကို ပြန်အမှတ်ရကြ

ပထမရာစု၊ ခရစ်ယာန်အသင်းတော် ထူထောင်ချိန်ကစလို့ ဂရိနိုင်ငံဟာ ဘုရားလူမျိုးရဲ့ သမိုင်းကြောင်းမှာ အရေးကြီးအခန်းကဏ္ဍအဖြစ် ပါဝင်ပတ်သက်နေတယ်။ ၂၀၂၅ မှာတော့ ဂရိနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ခေတ်သစ်သမိုင်းရဲ့ အရေးကြီးဖြစ်ရပ်တွေကို ပြန်အမှတ်ရကြပါမယ်။

လွန်ခဲ့သော နှစ်တစ်ရာ။ ၁၉၂၅ ခုနှစ်၊ ဧပြီလ ၂၃ ကနေ ၂၆ ရက်နေ့အထိ ဂရိနိုင်ငံ၊ အေသင်မြို့မှာ (ကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့) ယေဟောဝါသက်သေတွေက ဦးဆုံးအကြိမ်အဖြစ် အစည်းအဝေးကြီးကို ကျင်းပခဲ့ကြတယ်။ အစည်းအဝေးကို လူ ၂၀၀ လောက် တက်ရောက်ပြီး ၆၈ ယောက် နှစ်ခြင်းခံကြတယ်။ လေးလအကြာမှာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေက ဂရိနိုင်ငံမှာ အမှုတစ်ခုကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တယ်။ အဲဒီမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာပြောင်းဖို့ သွေးဆောင်ခြင်းကို တားမြစ်ထားလို့ ကျွန်တော်တို့ရဲ့ စာပေတွေကို ရဲတွေ သိမ်းယူခဲ့ကြတယ်။ အစိုးရကလည်း ဟောပြောခြင်းလုပ်ငန်းကို တားမြစ်ပိတ်ပင်ထားတယ်။ ဒါပေမဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ အေသင်မြို့နယ်တရာရုံးက ဟောပြောပိုင်ခွင့်ကို အသိအမှတ်ပြုပြီး ညီအစ်ကိုတွေကို အနိုင်ပေးဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ရဲ့ စာပေတွေက ဖွဲစည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိဘဲ “လူတွေ လေ့လာလိုက်စားသင့်တဲ့ ကျင့်ဝတ်မူတွေကို သွန်သင်ပေးခြင်းသာ ဖြစ်တယ်” လို့ ကောက်ချက်ချခဲ့တယ်။

၁၉၂၅ ခုနှစ်၊ ဧပြီလ၊ အေသင်မြို့မှာ ဦးဆုံးကျင်းပတဲ့ အစည်းအဝေးကြီးကို တက်ရောက်လာကြသူများ

လွန်ခဲ့သော နှစ်ငါးဆယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ ဂရိတရားရုံးချုပ်က ယေဟောဝါသက်သေတွေကို လူအများသိ ဘာသာရေးတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့တယ်။ ညီအစ်ကိုတွေ ဆယ်စုနှစ်တွေချီပြီး ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဆန့်ကျင်မှုတွေကို ကြုံခဲ့ရပြီးမှ ဒီအသိအမှတ်ပြုမှုကို ရခဲ့တာဖြစ်တယ်။ အဲဒီမတိုင်ခင် ဒုတိယ ကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ အာဏာရှင်ခေတ် နှစ်ခေတ်ကို ညီအစ်ကိုတွေ ကျော်ဖြတ်ခဲ့ရတယ်။ ၈၄ နှစ်အရွယ် ညီအစ်မ ဗူလာ ခါလိုင်ဇီဟာ ဒုတိယအကြိမ် အာဏာရှင် အုပ်ချုပ်မှုအောက်မှာ စမ်းသပ်မှုများစွာ ခံခဲ့ရသူပါ။ “အဲဒီတုန်းကဆိုရင် တောထဲကို ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ အစည်းအဝေးတွေကို သိုသိုသိပ်သိပ် လုပ်ခဲ့ကြရတယ်” ဆိုပြီး ညီအစ်မ ပြောပြတယ်။ နောက်ပိုင်းမှာ အစိုးရအသစ် အာဏာရလာတယ်။ ၁၉၇၅ ခုနှစ်ရောက်တဲ့အခါ အထက်မှာ ဖော်ပြထားတဲ့ ဆုံးဖြတ်ချက်ထွက်လာတော့ ယေဟောဝါသက်သေတွေက ဂရိမှာ ပထမဆုံး ပြည်လုံးကျွတ်အစည်းအဝေးကို မဆိုင်းမတွ စီစဉ်ခဲ့ကြတယ်။ ဇူလိုင်လ ၁၀ ရက် ကနေ ၁၃ ရက်နေ့အထိ အေသင်မြို့၊ အာပေါ်လွန် အားကစားကွင်းမှာ ကျင်းပတဲ့ ဒီအစည်းအဝေးကြီးကို လူပေါင်း ၁၉,၂၀၀ လောက် တက်ရောက်ခဲ့ပြီး ၃၀၁ ယောက် နှစ်ခြင်းခံခဲ့ကြတယ်။ ညီမဗူလာ ဒီလို ဆက်ပြောတယ်– “အခုလို လွတ်လွတ်လပ်လပ် စုဝေးခွင့်ရသွားတာ ကျွန်မတို့ အားလုံး သိပ်ပျော်ကြတယ်။ ကျွန်မဖြင့် ဝမ်းသာလွန်းလို့ မျက်ရည်တောင် မဆည်နိုင်ဘူး။”

၁၉၇၅ ခုနှစ်၊ ဇူလိုင်လ၊ ဂရိနိုင်ငံ၊ အေသင်မြို့၊ အာပေါ်လွန် အားကစားကွင်းမှာ ကျင်းပတဲ့ ဦးဆုံးအကြိမ် ပြည်လုံးကျွတ်အစည်းအဝေး

ဒီနေ့အချိန်မှာ ဂရိနိုင်ငံက ညီအစ်ကို၊ ညီအစ်မ ၂၇,၀၀၀ ကျော်ဟာ အတူတကွစုဆုံခွင့်နဲ့ ကျမ်းစာသတင်းစကား လွတ်လွတ်လပ်လပ် မျှဝေခွင့်ကို သိပ်တန်ဖိုးထားကြတယ်။ “ယုံကြည်ခြင်း ခိုင်မြဲနေဖို့” သူတို့ရဲ့ ဇွဲထက်သန်မှုနဲ့ စိတ်ပိုင်းဖြတ်ချက်ကို ကောင်းချီးပေးနေလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—၁ ကောရိန္သု ၁၆:၁၃