မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမှာ ကြိုဟောချက်တွေကို ဘာကြောင့် ဖော်ပြထားတာလဲ

ဒီနေ့ခေတ်ရဲ့ အဖြစ်အပျက်တွေကို ကျမ်းစာမှာဘာကြောင့် ဖော်ပြထားတာလဲ။—လုကာ ၂၁:၁၀၊ ၁၁

ကျမ်းစာတစ်အုပ်လုံးမှာ အသေးစိတ်ဖော်ပြထားတဲ့ ကြိုဟောချက်တွေ အများကြီးရှိပါတယ်။ ဘယ်သူကမှ အနာဂတ်အကြောင်း အသေးစိတ်ကြိုမဟောနိုင်ပါဘူး။ ဒါကြောင့် ကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေ ပြည့်စုံမှုက ကျမ်းစာဟာ ဘုရားသခင့်စကားတော်ဖြစ်တယ်ဆိုတာကို အခိုင်အမာယုံကြည်စိတ်ချစေတယ်။—ယောရှု ၂၃:၁၄; ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

ပြည်စုံခဲ့ပြီးဖြစ်တဲ့ ကျမ်းစာကြိုဟောချက်တွေက ဘုရားသခင်ကို ယုံကြည်နိုင်ဖို့ ခိုင်လုံတဲ့သက်သေတွေဖြစ်တယ်။ (ဟေဗြဲ ၁၁:၁) ဒါ့အပြင် အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားပေးကတိတွေ မလွဲမသွေ ဖြစ်လာမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချစေတယ်။ ကျမ်းစာကြိုဟောချက်တွေကြောင့် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က ခိုင်မာသည်ထက်ခိုင်မာလာတယ်။—ဆာလံ ၃၇:၂၉; ရောမ ၁၅:၄ တို့ကိုဖတ်ပါ။

ကျမ်းစာကြိုဟောချက်တွေက ကျွန်ုပ်တို့အတွက် ဘယ်လိုအကျိုးရှိသလဲ

ကြိုဟောချက်တချို့က တစ်ခုခုကို အရေးတကြီးလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို သတိပေးနေတာဖြစ်တယ်။ ဥပမာ၊ ပထမရာစုက ဘုရားသခင်ကိုယုံကြည်တဲ့သူတွေဟာ ကြိုဟောချက်တချို့ ဖြစ်ပျက်လာတာကိုမြင်တဲ့အခါ ဂျေရုဆလင်မြို့ကနေ ထွက်ပြေးသွားကြတယ်။ ဂျေရုဆလင်မြို့သားတွေက ယေရှုကိုငြင်းပယ်ခဲ့လို့ သူတို့ရဲ့မြို့ ဖျက်ဆီးခံရချိန်မှာ ဘုရားကိုယုံကြည်တဲ့သူတွေကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။—လုကာ ၂၁:၂၀–၂၂ ကိုဖတ်ပါ။

ဒီနေ့ခေတ်မှာလည်း ဘုရားသခင့်နိုင်ငံတော်က မကြာခင် လူ့နိုင်ငံတွေနဲ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားတော့မယ်ဆိုတဲ့ကြိုဟောချက် ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်တယ်။ (ဒံလေယ ၂:၄၄၊ ၄၅; လုကာ ၂၁:၃၁) ဒါကြောင့် ခုအချိန်မှာ လူတိုင်းက ဘုရင်အဖြစ် ဘုရားသခင်ခန့်အပ်ထားတဲ့ ယေရှုခရစ်ရဲ့နှစ်သက်မှုကိုရဖို့ အရေးတကြီးလုပ်ဆောင်ဖို့လိုတယ်။—လုကာ ၂၁:၃၄–၃၆ ကိုဖတ်ပါ။