လျှာကို ပညာရှိရှိ အသုံးပြုနိုင်ပုံ
လျှာကို ပညာရှိရှိ အသုံးပြုနိုင်ပုံ
‘ငါပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ’ လို့သင် ပြောဖူးပါသလား။ ကျွန်ုပ်တို့ အားလုံး ကိုယ့်ရဲ့လျှာကို ကြိုးစားထိန်းချုပ်နေရပါတယ်။ တိရစ္ဆာန်တစ်ကောင်ကို ယဉ်ပါးလာအောင် ထိန်းနိုင်ပေမဲ့ “လျှာကိုမူကား မည်သူမျှ မထိန်းနိုင်” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၃:၇၊ ၈) ဒီလိုဆိုရင် ကျွန်ုပ်တို့ရဲ့ လျှာကိုထိန်းဖို့ လက်လျှော့သင့်သလား။ လက်မလျှော့သင့်ပါဘူး။ သေးငယ်ပေမဲ့ အစွမ်းထက်တဲ့ အင်္ဂါလေးဖြစ်တဲ့ လျှာကို ပိုထိန်းနိုင်အောင် သင့်ကို ထောက်ကူပေးနိုင်တဲ့ ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ရအောင်။
● “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏။” (သု. ၁၀:၁၉) ကျွန်ုပ်တို့ စကားများများ ပြောလေ အမှားပါဖို့ အကြောင်းပိုများလေ ဒါမှမဟုတ် သူတစ်ပါးကို ထိခိုက်စေနိုင်တဲ့အထိတောင် ပြောမိနိုင်ဖို့ အကြောင်းပိုများလေဖြစ်တယ်။ ချုပ်တည်းခြင်းမရှိတဲ့ လျှာက မီးနဲ့တူနိုင်တယ်။ ထိခိုက်နာကျင်စေနိုင်တဲ့ အတင်းအဖျင်းပြောတာတွေ၊ သားပုပ်လေလွင့်ပြောဆိုတာတွေက မီးလိုပဲ အလျင်အမြန် ပျံ့နှံ့သွားနိုင်တယ်။ (ယာကုပ် ၃:၅၊ ၆) ဒါပေမဲ့ “နှုတ်ကို ချုပ်တည်း” ထားမယ်ဆိုရင် ဒါမှမဟုတ် စဉ်းစားပြီးမှ စကားပြောမယ်ဆိုရင် စကားကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ထည့်တွက်စဉ်းစားပေးရာရောက်တယ်။ ဒီလိုလုပ်မယ်ဆိုရင် နှုတ်လုံတဲ့သူတွေအဖြစ် နာမည်ကောင်းရလာပြီး တခြားသူတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိလာပါလိမ့်မယ်။
● “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။” (ယာကုပ် ၁:၁၉) တစ်ဖက်သား စကားပြောတဲ့အခါ အာရုံစိုက် နားထောင်ပေးတာကို လူတွေ နှစ်သက်ကြတယ်။ အဲလိုနားထောင်ပေးတာက သူတို့ကို စိတ်ဝင်စားရုံတင်မကဘဲ လေးစားကြောင်း ဖော်ပြရာရောက်လို့ပါပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ထိခိုက်စေတဲ့စကား ဒါမှမဟုတ် ဒေါသထွက်စေတဲ့စကား ပြောလာရင်ကော။ အဲဒီအခါ သူတို့လို ပြန်မတုံ့ပြန်ခြင်းအားဖြင့် “အမျက်ထွက်ခြင်း၌ နှေး” ဖို့ ကြိုးစားရမှာဖြစ်တယ်။ ကြိုးစားရတဲ့အကြောင်းရင်းက ဒီလိုဖြစ်နိုင်လို့ပါပဲ– လူတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့် စိတ်မကောင်းဖြစ်နေနိုင်ပြီး နောက်ပိုင်းကျမှ သူ့ရဲ့အကြင်နာကင်းတဲ့စကားကြောင့် တောင်းပန်ရင်တောင် တောင်းပန်မယ်။ “အမျက်ထွက်ခြင်း၌ နှေး” ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလိုဆိုရင် ချုပ်တည်းနိုင်ဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို ဘုရားသခင် လျစ်လျူရှုမှာမဟုတ်ပါဘူး။—လုကာ ၁၁:၁၃။
● “ချို [“နူးညံ့သိမ်မွေ့၊” ကဘ] သောစကားသည်လည်း အရိုးကျိုးအောင် တတ်နိုင်၏။” (သု. ၂၅:၁၅) လူတွေက နူးညံ့သိမ်မွေ့မှုကို ပျော့ညံ့မှုလို့ ယူဆကြတယ်။ တကယ်တော့ နူးညံ့သိမ်မွေ့မှုက ခိုင်မာမှုဖြစ်တယ်။ ဥပမာ၊ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်တာက မာကျောတောင့်တင်းနေတဲ့ အရိုးနဲ့ တူပုံရတဲ့ ဆန့်ကျင်မှုတွေကို အနိုင်ယူကျော်လွှားနိုင်တယ်။ အဲဒီဆန့်ကျင်မှုတွေက ဒေါသကြောင့် ဒါမှမဟုတ် မလိုမုန်းထားမှုကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒေါသထွက်နေချိန်မှာ နူးညံ့သိမ်မွေ့မှုရှိဖို့ဆိုတာ စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်တယ်။ ဒါကြောင့် ကျမ်းစာမိန့်မှာချက်တွေကို လိုက်လျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ မလိုက်လျှောက်ခြင်းရဲ့ ဖြစ်နိုင်ဖွယ် ဆိုးကျိုးတွေကို စဉ်းစားပါ။
ကျမ်းစာမူတွေဟာ အမှန်တကယ်ပဲ “အထက်မှ ဉာဏ်ပညာ” ဖြစ်ပါတယ်။ (ယာကုပ် ၃:၁၇) လျှာကို ပညာရှိရှိ အသုံးပြုတဲ့အခါ ပြောလိုက်တဲ့စကားတွေက ‘ငွေထည်ပေါ်မှာ ထည့်ထားသော ရွှေပန်းသီးနှင့်တူ’ တယ်။ အချိန်တန်မှ ပြောလိုက်တဲ့စကားတွေက ဂုဏ်သိက္ခာရှိတဲ့အပြင် နှစ်လို့ဖွယ်ဖြစ်စေပြီး တည်ဆောက်မှုဖြစ်စေနိုင်ပါတယ်။—သု. ၂၅:၁၁။