မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချကြ၏’

‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချကြ၏’

‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချကြ၏’

ခရစ်တာဘယ်လ် ကော်နယ်လ် ပြောပြသည်

ခရစ္စတိုဖာမေးတဲ့ ကျမ်းစာမေးခွန်းတွေ ပြန်ဖြေနေတာကိုပဲ အာရုံစိုက်နေတဲ့အတွက် ညဉ့်နက်နေပြီဆိုတာကိုရော၊ ခရစ္စတိုဖာက ပြတင်းပေါက်ကိုတကြည့်ကြည့်လုပ်နေတာကိုပါ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။ နောက်ဆုံးတော့ သူက “အခုဆိုရင် အန္တရာယ်မရှိတော့ဘူး၊ ပြန်လို့ရပြီ” လို့ကျွန်မတို့ကိုပြောပါတယ်။ ကျွန်မတို့စက်ဘီးထားတဲ့နေရာကို သူလိုက်ပို့ပေးတယ်၊ သူ့ကိုနှုတ်ဆက်ပြီး ကျွန်မတို့ပြန်ခဲ့ကြတယ်။ အန္တရာယ်ရှိတဲ့ ဘယ်အရာကို သူတွေ့မြင်ခဲ့လို့လဲ။

ကျွန်မ ခရစ်တာဘယ်လ် အားလ်ဟာ ၁၉၂၇ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးလ်မြို့မှာ မွေးဖွားခဲ့တယ်။ ကျွန်မတို့အိမ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးထိပြီးပျက်စီးခဲ့တဲ့အတွက် ကျွန်မကျောင်းပြီးတဲ့အထိ အမေဘက်ကအဖွားအိမ်မှာ သွားနေခဲ့ရတယ်။ ကျွန်မတက်တဲ့ကျောင်းက ကက်သလစ်ပိုင်ကျောင်းဖြစ်တဲ့အတွက် ခရစ်ယာန်သီလရှင်တွေကို ဘာကြောင့်မတရားမှု၊ အကြမ်းဖက်မှုတွေ ဒီလောက်များနေတာလဲဆိုပြီး ကျွန်မအမြဲမေးခဲ့တယ်။ သူတို့တွေရော ဝတ်ပြုရေးမှာထက်သန်တဲ့တခြားသူတွေပါ ကျွန်မရဲ့မေးခွန်းအတွက် ကျေနပ်ဖွယ်အဖြေ မပေးနိုင်ခဲ့ကြဘူး။

ဒုတိယကမ္ဘာစစ်ပြီးနောက် ကျွန်မ သူနာပြုသင်တန်းတက်ခဲ့တယ်။ ပက်ဒင်းတန်အထွေထွေကုဆေးရုံမှာ အလုပ်လုပ်ဖို့ လန်ဒန်ကို ပြောင်းရွှေ့ခဲ့တယ်၊ ဒါပေမဲ့ မြို့ကြီးမှာ ပိုများတဲ့အကြမ်းဖက်မှုကို တွေ့ခဲ့ရတယ်။ ကိုရီးယားစစ်အတွက် ကျွန်မရဲ့အစ်ကို ထွက်ခွာသွားပြီးမကြာခင်မှာပဲ ဆေးရုံဝင်းအပြင်ဘက်လေးမှာ အကြမ်းဖက်မှုတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ်။ နှိပ်စက်ခံနေရတဲ့သူကို ဘယ်သူကမှ အကူအညီမပေးခဲ့ကြဘူး၊ ရိုက်ကြတာမျက်စိထိသွားတဲ့အတွက် အဲ့ဒီလူ မျက်စိကွယ်သွားခဲ့တယ်။ အဲ့ဒီအချိန်လောက်မှာပဲ ကျွန်မဟာအမေနဲ့အတူ နတ်ဝင်သည်တွေရဲ့အစည်းအဝေးတွေကို သွားတက်ခဲ့ပေမဲ့လည်း ဆိုးသွမ်းမှုတွေ ဒီလောက်ဘာကြောင့်များနေတယ်ဆိုတာကို ပိုပြီးသဘောမပေါက်လာခဲ့ဘူး။

သမ္မာကျမ်းစာလေ့လာရန် အားပေးခံခဲ့ရ

တစ်နေ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်သွားတဲ့ ကျွန်မရဲ့အစ်ကိုအကြီးဆုံးဂျွန် လာလည်ပတ်တယ်။ “ဒီဆိုးသွမ်းမှုတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတာ သိလား” ဆိုပြီးသူမေးတယ်။ “မသိဘူး” လို့ကျွန်မပြန်ဖြေတယ်။ သူ့ရဲ့ကျမ်းစာအုပ်ကိုဖွင့်ပြီး ဗျာ. ၁၂:၇-၁၁ ကိုဖတ်ပြတယ်။ စာတန်နဲ့နတ်ဆိုးတွေဟာ ကမ္ဘာပေါ်ဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှုတွေရဲ့ အဓိကတရားခံဆိုတာ အခုမှပဲ သိလာတော့တယ်။ ဒါကြောင့် ဂျွန်အကြံပေးတဲ့အတိုင်း မကြာခင်မှာပဲ ကျမ်းစာသင်အံမှုကို လက်ခံခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက လူကိုကြောက်တဲ့အတွက် ကျွန်မနှစ်ခြင်းမခံဖြစ်ခဲ့ဘူး။—သု. ၂၉:၂၅

ကျွန်မရဲ့အစ်မ ဒေါ်ရသီလည်း သက်သေခံတစ်ယောက်ဖြစ်လာတယ်။ အစ်မဟာ သူနဲ့စေ့စပ်ထားတဲ့ ဘီလ် ရောဘတ်နဲ့အတူ နယူးယောက် (၁၉၅၃) မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတက်ပြီး ပြန်လာတဲ့အခါ ကျွန်မကျမ်းစာလေ့လာတဲ့အကြောင်း သူတို့ကိုပြောပြလိုက်တယ်။ “ကျမ်းချက်အားလုံးကို ဖွင့်ကြည့်လား။ အဖြေတွေကို စာအုပ်မှာမျဉ်းသားသလား” လို့ ဘီလ်က ကျွန်မကိုမေးတယ်။ မလုပ်တဲ့အကြောင်း ကျွန်မပြောတဲ့အခါ သူက “ဒါဆို လေ့လာတာလို့မခေါ်ဘူး။ အဲ့ဒီညီအစ်မနဲ့ ပြန်ဆက်သွယ်ပြီး ပြန်လေ့လာပါ” လို့ပြောတယ်။ အဲ့ဒီအချိန်လောက်မှာပဲ နတ်ဆိုးတွေ ကျွန်မကိုစပြီး အနှောင့်အယှက်ပေးလာခဲ့တယ်။ နတ်ဆိုးတွေရဲ့ရန်ကနေ ကာကွယ်ပေးဖို့နဲ့ ကယ်လွှတ်ပေးဖို့ ယေဟောဝါဆီ ကျွန်မဆုတောင်းခဲ့တာ မှတ်မိသေးတယ်။

စကော့တလန်နှင့် အိုင်ယာလန်တွင် ရှေ့ဆောင်လုပ်ခြင်း

၁၉၅၄၊ ဇန်နဝါရီ ၁၆ မှာ ကျွန်မနှစ်ခြင်းခံခဲ့ပြီး မေလမှာ သူနာပြုအလုပ်စာချုပ်ပြည့်သွားတဲ့အတွက် ဇွန်လမှာ စပြီးရှေ့ဆောင်လုပ်ခဲ့တယ်။ ရှစ်လကြာပြီးတဲ့နောက် စကော့တလန်နိုင်ငံ ဂရန့်ဂ်ျမောက်မြို့ကို အထူးရှေ့ဆောင်အနေနဲ့ စေလွှတ်ခံခဲ့ရတယ်။ သီးခြားရပ်ကွက်ဖြစ်တဲ့ အဲ့ဒီမှာအမှုဆောင်နေချိန်မှာ ယေဟောဝါရဲ့ကောင်းကင်တမန်တွေ ‘ပတ်လည်မှာ တပ်ချထား’ တယ်လို့ခံစားခဲ့ရတယ်။—ဆာ. ၃၄:၇

၁၉၅၆ ခုနှစ်မှာ အိုင်ယာလန်မှာအမှုဆောင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ တခြားညီအစ်မနှစ်ယောက်နဲ့အတူ ဂေါလ်ဝေးမြို့မှာ တာဝန်ခန့်အပ်ခံခဲ့ရတယ်။ ဦးဆုံးနေ့မှာပဲ ကက်သလစ်ဘုန်းကြီးအိမ်ကို ကျွန်မဝင်မိတယ်။ မိနစ်ပိုင်းလောက်ပဲရှိမယ်၊ ရဲသားတစ်ဦးရောက်လာပြီး ကျွန်မနဲ့ကျွန်မရဲ့အဖော်ကို ရဲစခန်းခေါ်သွားတယ်။ ကျွန်မတို့ရဲ့နာမည်၊ လိပ်စာကိုရပြီးတာနဲ့ သူဖုန်းဆက်တော့တယ်။ “ဟုတ်ကဲ့၊ ဖာသာ၊ သူတို့နေတဲ့နေရာအတိအကျကို ကျွန်တော်သိပါပြီ” လို့ပြောတာကို ကျွန်မတို့ကြားလိုက်ရတယ်။ သူ့ကို ခရစ်ယာန်ဘုန်းကြီးကလွှတ်လိုက်တာဖြစ်တယ်။ ကျွန်မတို့ရဲ့အိမ်ရှင်ကိုလည်း ကျွန်မတို့ကိုမနေခိုင်းဖို့ ဖိအားပေးကြတဲ့အတွက် ဌာနခွဲရုံးက အဲ့ဒီဒေသကနေထွက်ဖို့ ကျွန်မတို့ကိုအကြံပေးခဲ့တယ်။ ကျွန်မတို့ဘူတာရုံကိုရောက်တော့ ဆယ်မိနစ်နောက်ကျနေပြီ။ ဒါပေမဲ့ ရထားကရှိနေတုန်းပဲ၊ ကျွန်မတို့ထွက်သွားတယ်ဆိုတာသေချာအောင် လူတစ်ယောက်က စောင့်ကြည့်နေခဲ့တယ်။ ဒါကတော့ ဂေါလ်ဝေးကိုရောက်ပြီး သုံးပတ်ပဲကြာတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။

နောက်တစ်မြို့ဖြစ်တဲ့ လင်မရစ်ခ်မြို့မှာ ကျွန်မတို့တာဝန်ကျတယ်၊ အဲ့ဒီမြို့ကလည်း ကက်သလစ်ချာ့ခ်ျသြဇာလွှမ်းမိုးတဲ့မြို့ဖြစ်တယ်။ လူအုပ်က ကျွန်မတို့ကို တစ်ချိန်လုံး အော်ဟစ်လှောင်ပြောင်ခဲ့တယ်။ လူတွေက အိမ်တံခါးမဖွင့်ပေးရဲကြဘူး။ အစောပိုင်းတစ်နှစ်က အနီးနားမြို့ငယ်လေးဖြစ်တဲ့ ကလုံးလာရာမှာ ညီအစ်ကိုတစ်ယောက် အရိုက်ခံခဲ့ရတယ်။ ဒါကြောင့် အစပိုင်းမှာဖော်ပြခဲ့တဲ့ ခရစ္စတိုဖာနဲ့ဆုံတွေ့ရတဲ့အတွက် ကျွန်မတို့အရမ်းဝမ်းသာခဲ့ကြတယ်၊ သူက ကျမ်းစာမေးခွန်းတွေဆွေးနွေးဖို့ ကျွန်မတို့ကို ပြန်လာဖို့တောင်းဆိုခဲ့တယ်။ ကျွန်မတို့ပြန်လည်ပတ်ချိန်အတွင်းမှာ ကက်သလစ်ဘုန်းကြီးတစ်ပါး ဝင်လာပြီး ကျွန်မတို့ကိုထွက်သွားခိုင်းဖို့ ခရစ္စတိုဖာကိုပြောတယ်။ ခရစ္စတိုဖာကငြင်းလိုက်ပြီး “ဒီအမျိုးသမီးတွေကို ကျွန်တော့်အိမ်လာဖို့ ကျွန်တော်ဖိတ်ခေါ်ထားတာ၊ သူတို့ဟာ အိမ်ထဲမဝင်ခင် တံခါးခေါက်ကြတယ်။ ခင်ဗျားကျတော့ ဖိတ်ထားတာလည်းမဟုတ်ပေမဲ့ တံခါးလည်းမခေါက်ဘူး” လို့ပြန်ပြောခဲ့တယ်။ ဒေါသတကြီးနဲ့ သူထွက်သွားတယ်။

သူဟာ လူအုပ်ကိုစုပြီး ခရစ္စတိုဖာရဲ့အိမ်ပြင်မှာ စောင့်နေကြတယ်ဆိုတာ ကျွန်မတို့မသိခဲ့ကြဘူး။ အဲ့ဒီလူတွေဟာ ရန်လိုတတ်တဲ့သူတွေဆိုတာကို ခရစ္စတိုဖာသိတဲ့အတွက် အစပိုင်းမှာဖော်ပြခဲ့တဲ့အတိုင်း သူလုပ်ခဲ့တယ်။ သူတို့တွေပြန်သွားတဲ့အထိ ကျွန်မတို့ကို အချိန်ဆွဲထားခဲ့တယ်။ နောက်ပိုင်း သူနဲ့သူ့မိသားစုကို အဲ့ဒီဒေသကနေထွက်သွားဖို့ အတင်းအကျပ်ဖိအားပေးခံခဲ့ရတယ်ဆိုတာကို ကျွန်မတို့သိလိုက်ရပြီး သူတို့ဟာအင်္ဂလန်ကိုပြောင်းရွှေ့သွားကြတယ်။

ဂိလဒ်ကျောင်းသို့ ဖိတ်ခေါ်ခံရ

၃၃ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်စာရတဲ့အချိန်မှာ ကျွန်မက ၁၉၅၈ ခုနှစ်၊ နယူးယောက်မှာကျင်းပတဲ့ မြင့်မြတ်သောအလိုတော် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို သွားတက်ဖို့ အစီအစဉ်ဆွဲပြီးသားဖြစ်တယ်။ စည်းဝေးပွဲပြီးလို့ အိမ်ပြန်ရမဲ့အစား ၁၉၅၉ ခုနှစ်အတွက် ဂိလဒ်ကျောင်းမဖွင့်မီအထိ ကနေဒါနိုင်ငံ၊ အွန်တဲရီယိုပြည်နယ် ကောလင်းဝုဒ်မြို့ငယ်လေးမှာ အမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ စည်းဝေးပွဲအတွင်း အဲရစ် ကော်နယ်လ်နဲ့ ဆုံတွေ့ခဲ့တယ်။ သူက ၁၉၅၇ ခုနှစ်မှာ အမှန်တရားသိလာခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ စပြီးရှေ့ဆောင်လုပ်ခဲ့သူဖြစ်တယ်။ စည်းဝေးပွဲပြီးတဲ့နောက် ကျွန်မ ကနေဒါမှာနေတဲ့အချိန်အတွင်းရော ဂိလဒ်သင်တန်းတစ်လျှောက်မှာပါ နေ့တိုင်း သူကျွန်မဆီစာရေးခဲ့တယ်။ ကျောင်းပြီးသွားရင် ဘာများဖြစ်လာမလဲလို့ ကျွန်မသိချင်နေခဲ့တာ။

ဂိလဒ်ကျောင်းတက်တာဟာ ကျွန်မဘဝအတွက် တကယ့်ကိုအရေးပါတဲ့ဖြစ်ရပ်တစ်ခုပါ။ ဒေါ်ရသီနဲ့ သူ့အမျိုးသားလည်း ကျွန်မနဲ့ သင်တန်းတစ်ခုတည်းပဲ။ သူတို့ရဲ့ခရစ်ယာန်သာသနာပြုတာဝန်က ပေါ်တူဂီမှာဖြစ်တယ်။ ကျွန်မကျတော့ အိုင်ယာလန်မှာတာဝန်ကျတဲ့အတွက် အံ့သြသွားတာပဲ။ အစ်မနဲ့အတူမသွားရတဲ့အတွက် ကျွန်မအရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်မတစ်ခုခုအမှားလုပ်မိလားလို့ သင်တန်းပို့ချသူတစ်ဦးကို မေးခဲ့တယ်။ သူက “မလုပ်ပါဘူး။ ညီမနဲ့ ညီမရဲ့အဖော် အီလင်း မာဟိုနေက ကမ္ဘာ့ဒေသတစ်ခုကိုသွားဖို့ သဘောတူခဲ့တာပဲ” လို့ပြောခဲ့တယ်၊ အိုင်ယာလန်ဟာ ကမ္ဘာဒေသတစ်ခုပါပဲ။

အိုင်ယာလန်သို့ပြန်လာ

၁၉၅၉၊ ဩဂုတ်လမှာ ကျွန်မ အိုင်ယာလန်ကိုပြန်ရောက်ခဲ့ပြီး ဒန်လာရီအသင်းတော်မှာ တာဝန်ကျခဲ့တယ်။ အဲ့ဒီအချိန်အတွင်း အဲရစ်ဟာ အင်္ဂလန်ကိုပြန်ရောက်နေတဲ့အတွက် ကျွန်မနဲ့နီးနေလို့ သူပျော်နေတယ်။ သူလည်း ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ချင်တယ်။ အိုင်ယာလန်ဟာ အဲ့ဒီအချိန်တုန်းက ခရစ်ယာန်သာသနာပြုတွေကို စေလွှတ်ရတဲ့နယ်မြေတစ်ခုဖြစ်နေတဲ့အတွက် သူလည်း အဲ့ဒီမှာရှေ့ဆောင်လုပ်မယ်လို့ ဆင်ခြင်ခဲ့တယ်။ ဒန်လာရီအသင်းတော်ကို သူပြောင်းလာပြီး ၁၉၆၁ ခုနှစ်မှာ ကျွန်မတို့လက်ထပ်လိုက်ကြတယ်။

ခြောက်လကြာတဲ့အခါ အဲရစ်ဟာ မော်တော်ဆိုက်ကယ်မတော်တဆမှုဖြစ်ပြီး အသက်အန္တရာယ်ပါ စိုးရိမ်ခဲ့ရတယ်။ သူ့ရဲ့ဦးခေါင်းခွံအက်သွားတဲ့အတွက် ဆရာဝန်တွေက သူ့အသက်ဆက်ရှင်နိုင်မနိုင်ကို ယတိပြတ်မပြောနိုင်ခဲ့ကြဘူး။ ဆေးရုံမှာသုံးပတ်နေပြီးတဲ့နောက် သူပြန်ကျန်းမာလာတဲ့အထိ အိမ်မှာငါးလကြာ ပြုစုပေးခဲ့ရတယ်။ ဓမ္မအမှုမှာအတတ်နိုင်ဆုံး ကျွန်မဆက်ပါဝင်ခဲ့တယ်။

၁၉၆၅ ခုနှစ်မှာ အနောက်မြောက်ကမ်းခြေ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ စလီဂိုမြို့က ကြေညာသူရှစ်ယောက်ရှိတဲ့ အသင်းတော်တစ်ခုမှာ တာဝန်ကျတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် မြောက်ဘက်စွန်းမှာရှိတဲ့ လန်ဒန်ဒါရီမြို့က နောက်အသင်းတော်ငယ်လေးမှာ တာဝန်ကျပြန်တယ်။ တစ်နေ့ အမှုဆောင်ကနေပြန်လာတဲ့အခါ ကျွန်မတို့နေတဲ့လမ်းတစ်ဖက်မှာ သံဆူးကြိုးတွေကာထားတာကို တွေ့ရတယ်။ မြောက်ပိုင်းအိုင်ယာလန် ပဋိပက္ခစပါပြီ။ လူငယ်အဖွဲ့တွေဟာ ကားတွေကိုမီးရှို့ကြတယ်။ မြို့ကို ပရိုတက်စတင့်နယ်မြေနဲ့ ကက်သလစ်နယ်မြေဆိုပြီး ခွဲလိုက်ကြတယ်။ နယ်မြေတစ်ခုကနေ တစ်ခုကိုသွားဖို့ အန္တရာယ်ရှိတယ်။

ပဋိပက္ခများကြား နေထိုင်ကာ သက်သေခံခြင်း

ကျွန်မတို့ဟာ နေရာတိုင်းမှာ ဓမ္မအမှုဆောင်ခဲ့ကြတယ်။ ကောင်းကင်တမန်တွေ ကျွန်မတို့ပတ်လည်မှာ တပ်ချထားတယ်လို့ တစ်ခါခံစားခဲ့ရတယ်။ ကျွန်မတို့ရောက်နေတဲ့နေရာမှာ ဆူပူသောင်းကျန်းမှုစလာပြီဆိုရင် အဲ့ဒီနေရာကနေ မြန်မြန်ထွက်သွားပြီး ငြိမ်သက်သွားတဲ့အခါ အဲ့ဒီနေရာကို ပြန်သွားကြတယ်။ တစ်ခါက ကျွန်မတို့ရဲ့တိုက်ခန်းနားမှာ ဆူပူသောင်းကျန်းမှုဖြစ်ပြီး အနားကသင်္ဘောဆေးဆိုင်က မီးစွဲနေတဲ့အပိုင်းတစ်ခုဟာ ကျွန်မတို့ရဲ့ပြတင်းပေါက်ခုံပေါ်မှာ လာကျတယ်။ ကျွန်မတို့ရဲ့တိုက်ခန်းတွဲ မီးလောင်မှာစိုးရိမ်ရတဲ့အတွက် ကျွန်မတို့ အိပ်မပျော်ခဲ့ကြဘူး။ ၁၉၇၀ ပြည့်နှစ်မှာ ဘဲလ်ဖတ်စ်မြို့ကို ပြောင်းရွှေ့သွားပြီးတဲ့နောက် ကျွန်မတို့သိလိုက်ရတာက ဓာတ်ဆီဗုံးပေါက်ပြီး သင်္ဘောဆေးဆိုင်မီးလောင်ရာကနေ ဒီတစ်ကြိမ်တော့ အရင်ကျွန်မတို့နေခဲ့တဲ့ တိုက်ခန်းတွဲပါ မီးလောင်သွားခဲ့တယ်။

နောက်တစ်ကြိမ်မှာ ကျွန်မနဲ့ ညီအစ်မတစ်ဦး အမှုဆောင်ထွက်နေတုန်း ပြတင်းပေါက်ခုံပေါ်မှာ ထူးထူးဆန်းဆန်းပိုက်ရှည်တစ်ခုကို သတိထားမိတယ်။ ကျွန်မတို့ထွက်လာခဲ့ကြတယ်။ မိနစ်ပိုင်းလောက်မှာပဲ အဲ့ဒီပစ္စည်းပေါက်ကွဲသွားတယ်။ ထွက်လာတဲ့ဒေသခံလူတွေက အဲ့ဒီဗုံးကို ကျွန်မတို့လာထားသွားတယ်လို့ ထင်ကြတာ။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီရပ်ကွက်မှာနေတဲ့ ညီအစ်မတစ်ယောက်က သူ့ရဲ့အိမ်ထဲ ကျွန်မတို့ကိုခေါ်လိုက်တယ်။ သူအဲ့ဒီလိုခေါ်လိုက်တဲ့အတွက် သူ့ရဲ့အိမ်နီးချင်းတွေက ကျွန်မတို့ဟာ ဗုံးလာထောင်တဲ့သူတွေမဟုတ်ဘူးဆိုတာ လက်ခံသွားကြတယ်။

၁၉၇၁ ခုနှစ်မှာ ညီအစ်မတစ်ယောက်ဆီလည်ပတ်ဖို့ လန်ဒန်ဒါရီမြို့ကို သွားကြတယ်။ ကျွန်မတို့လာတဲ့လမ်းကြောင်းနဲ့ ဖြတ်လာရတဲ့ စစ်ဆေးရေးဂိတ်တွေအကြောင်း ပြောပြတဲ့အခါ သူက “စစ်ဆေးရေးဂိတ်မှာ ဘယ်သူမှမရှိဘူးလား” လို့မေးတယ်။ “ရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့ကို သူတို့အလေးမထားကြဘူး” လို့ပြောပြတဲ့အခါ သူအံ့အားသင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့တစ်နေ့ကပဲ ဆရာဝန်တစ်ယောက်နဲ့ ရဲသားတစ်ယောက်ရဲ့ကားတွေကို ပြန်ပေးဆွဲပြီး မီးရှို့ခဲ့ကြလို့ဖြစ်တယ်။

၁၉၇၂ ခုနှစ်မှာ ကျွန်မတို့ ကော့ခ်မြို့ကိုပြောင်းရွှေ့ခဲ့ကြတယ်။ နောက်ပိုင်း နာစ်မြို့မှာအမှုဆောင်ပြီး အဲ့ဒီနောက် အာ့ခ်လိုမြို့မှာ အမှုဆောင်ကြတယ်။ နောက်ဆုံး ၁၉၈၇ ခုနှစ်မှာ ခက်စတယ်ဘာမြို့မှာ တာဝန်ကျပြီး ဒီကနေ့အချိန်အထိနေတဲ့နေရာပါ။ ဒီနေရာမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုဆောက်တာကို အကူအညီပေးရတဲ့ အခွင့်ထူးကြီးကို ရရှိခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ အဲရစ်ဟာ အသည်းအသန်ဖျားနာလာတယ်။ ဒါပေမဲ့လည်း ယေဟောဝါရဲ့အကူအညီ၊ အသင်းတော်ရဲ့မေတ္တာပါပါထောက်မမှုကြောင့် ဒီတစ်ခါလည်းအခြေအနေကိုခံရပ်နိုင်ခဲ့ပြီး သူပြန်ကျန်းမာလာအောင် ပြုစုနိုင်ခဲ့တယ်။

အဲရစ်နဲ့ကျွန်မ ရှေ့ဆောင်လုပ်ငန်းကျောင်းကို နှစ်ကြိမ်တက်ပြီးကြပြီ။ အဲရစ်ဟာ အသင်းတော်မှာ အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေတုန်းပဲ။ ကျွန်မကတော့ ရိုးဆစ်ရောင်ရမ်းနာရောဂါအပြင်းစားကို ခံနေရပြီး တင်ပါးရိုးနှစ်ခုစလုံးရော၊ ဒူးဆစ်နှစ်ခုစလုံးပါ အစားထိုးထားရတယ်။ ဝတ်ပြုရေးကို ခါးခါးသီးသီးအတိုက်အခံပြုမှုနဲ့ရင်ဆိုင်ရပြီး အုပ်ချုပ်ရေးနဲ့ လူမှုရေးပဋိပက္ခကြားမှာ နေထိုင်ခဲ့ရပေမဲ့ ကျွန်မအတွက်အကြီးမားဆုံးစိန်ခေါ်ချက်တစ်ခုက ကားမမောင်းရတော့တာဖြစ်တယ်။ ကျွန်မသွားချင်တဲ့နေရာကို မသွားနိုင်တော့ဘူး။ အသင်းတော်ကတော့ ကျွန်မကိုအများကြီးကူညီ၊ ထောက်မပေးခဲ့တယ်။ အခုကျွန်မ နီးနီးနားနားဆိုရင် လမ်းလျှောက်တုတ်နဲ့သွားတယ်၊ နည်းနည်းဝေးရင်တော့ ဘက်ထရီအားသုံး သုံးဘီးတပ်စက်ဘီးနဲ့သွားတယ်။

အဲရစ်နဲ့ကျွန်မနှစ်ယောက်ပေါင်းရင် အထူးရှေ့ဆောင်အဖြစ် နှစ်ပေါင်း ၁၀၀ ကျော်အမှုဆောင်ခဲ့ကြပြီ—၉၈ နှစ်ကတော့ အိုင်ယာလန်မှာဖြစ်တယ်။ ကျွန်မတို့အနားယူဖို့ မစဉ်းစားကြဘူး။ အံ့ဖွယ်အမှုတွေဖြစ်ဖို့ ကျွန်မတို့မမျှော်ကိုးပေမဲ့ ယေဟောဝါရဲ့ တန်ခိုးကြီးကောင်းကင်တမန်တွေဟာ ဘုရားသခင်ကိုကြောက်ရွံ့တဲ့သူ၊ ကိုယ်တော့်အမှုတော်ကို တည်ကြည်စွာဆောင်ရွက်နေတဲ့သူတွေရဲ့ ‘ပတ်လည်မှာ တပ်ချနေ’ တယ်ဆိုတာကို ကျွန်မတို့ယုံကြည်တယ်။