“သူတို့ ချက်ချင်း လွတ်မြောက်နိုင်ကြ”
“သူတို့ ချက်ချင်း လွတ်မြောက်နိုင်ကြ”
ပြင်သစ်သမ္မတဟောင်း ချားလ်စ် ဒီ ဂေါလ်၏တူမ ယောန်ဗီယက်ဖ် ဒီ ဂေါလ်သည် ဂျာမနီမြောက်ပိုင်း၊ ရာဗန်စ်ဘရုခ်မြို့ရှိ နာဇီချွေးတပ်စခန်းတွင် ယေဟောဝါသက်သေများနှင့် သိကျွမ်းခဲ့သည်။ ၁၉၄၅၊ ဩဂုတ်လ၌ သူရေးသားခဲ့သောစာတွင် အထက်ပါစကားများ ပါရှိ၏။
၁၉၄၅၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပိုလန်နိုင်ငံ၊ အော့ဇ်ဝစ်ချွေးတပ်စခန်းရှိ အကျဉ်းသားအားလုံးကို လွှတ်ပေးလိုက်သည်။ ဟစ်တလာအုပ်ချုပ်မှုအောက် ဖိနှိပ်ခံရသူများအတွက် ထိုရက်စွဲသည် ၁၉၉၆ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံတွင် အထိမ်းအမှတ်နေ့ဖြစ်ခဲ့၏။
၂၀၀၃၊ ဇန်နဝါရီ ၂၇ ရက်နေ့ အစိုးရမိန့်ခွန်းတွင် ဘာဒဲန် ဗာဒန်ဘာခ်ပြည်နယ်၏ ပါလီမန်ဥက္ကဋ္ဌ ပီတာ ရှာဒရော့ဘ်က ဤသို့ပြောကြားခဲ့သည်– “ဘာသာရေး သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသူများနှင့် ဟစ်တလာကိုလက်အောက်ခံမည့်အစား အသေခံဖို့ အသင့်ရှိသူများသည် အလွန်လေးစားထိုက်သူများဖြစ်ကြ၏၊ ဤလေးစားမှုကို စကားအားဖြင့် ဖော်ပြ၍မရနိုင်ချေ။ ယေဟောဝါသက်သေများသည် ဟစ်တလာအစိုးရ၏တောင်းဆိုချက်များကို လုံးဝငြင်းပယ်သည့် တစ်ခုတည်းသော ဘာသာရေးအဖွဲ့ဖြစ်၏၊ သူတို့သည် ဟစ်တလာကို အလေးမပြုခဲ့ကြချေ။ . . . သစ္စာမခံကြချေ။ သူတို့ကလေးများသည်လည်း . . . လူငယ်လှုပ်ရှားမှုအဖွဲ့တွင် မပါဝင်ခဲ့ကြချေ။”
ယေရှုခရစ်သည် မိမိ၏နောက်လိုက်များအကြောင်း ဤသို့မိန့်ဆိုခဲ့၏– “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) ထို့ကြောင့် ယေဟောဝါသက်သေများ၏ရပ်တည်မှုသည် ဘာသာရေးသက်သက်မျှသာဖြစ်၏။ ရှာဒရော့ဘ်က ဤသို့ဆက်ဆိုသည်– “ချွေးတပ်စခန်းအကျဉ်းသားများအဖြစ် ခရမ်းရောင်တြိဂံတံဆိပ် တပ်ဆင်ထားကြရသော ယေဟောဝါသက်သေများသည်သာ ရက်ရက်စက်စက် အသတ်ခံရခြင်းမှ ကင်းလွတ်ခွင့်ရနိုင်ကြမည်။ သူတို့၏ယုံကြည်ခြင်းကိုစွန့်ပါမည်ဟု လက်မှတ်ထိုးရုံမျှဖြင့် လွတ်မြောက်နိုင်ကြ၏။”
သက်သေခံအများစုအတွက် ယုံကြည်ခြင်းကိုစွန့်ခြင်းသည် စိတ်ကူး၍ပင်မရနိုင်ချေ။ သို့ဖြစ်၍ သက်သေခံ ၁,၂၀၀ ခန့်သည် နာဇီအုပ်ချုပ်ချိန်အတွင်း သေဆုံးခဲ့ရရှာသည်။ သက်သေခံနှစ်ရာ့ခုနစ်ဆယ်သည် စစ်မတိုက်လိုသူများအဖြစ် ကွပ်မျက်ခံခဲ့ရ၏။ သူတို့သည် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟူသောအချက်ကို အပြောဖြင့်သာ လိုက်နာခဲ့ကြခြင်းမဟုတ်ပေ။—တမန်တော် ၅:၂၉။
မြောက်ပိုင်း ရိုင်-ဗီစ်ဖာလီရာပြည်နယ် ပါလီမန်ဥက္ကဋ္ဌ ဥရစ် ရှာမစ်ဒ် ဖော်ပြသည့်အတိုင်း ယေဟောဝါသက်သေများသည် သာမန်လူများသာဖြစ်ကြ၏။ သူ၏မိန့်ခွန်းကိုရည်ညွှန်း၍ လန်ဒါခ် အီတဲနာဘရိုရှာက ယေဟောဝါသက်သေများသည် “သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်အတိုင်း ဘာသာရေးယုံကြည်ချက်များကို အခိုင်အမာစွဲကိုင်ထားကြပြီး ခရစ်ယာန်ခံယူချက်ကြောင့် နာဇီအတွေးအခေါ်ကို ဆန့်ကျင်ရဲကြသည့် သာမန်လူများ” ဖြစ်ကြောင်း ဖော်ပြသည်။ ခက်ခဲသောအခြေအနေများတွင် ယေဟောဝါဘုရားသခင်အပေါ် သစ္စာစောင့်သိသူများကြောင့် ကိုယ်တော် အားရရွှင်လန်းတော်မူမည်ကို ကျွန်ုပ်တို့ တပ်အပ်ပြောနိုင်ပါသည်။ နယပုံပြင် ၂၇:၁၁ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့။”
[Picture Credit Line on page 30]
Courtesy of United States Holocaust Memorial Museum