မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ကျွန်မတို့ ပုံအပ်ယုံကြည်ကိုးစားတတ်ခဲ့ကြ

ယေဟောဝါကို ကျွန်မတို့ ပုံအပ်ယုံကြည်ကိုးစားတတ်ခဲ့ကြ

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​ကို ကျွန်မ​တို့ ပုံအပ်​ယုံကြည်​ကိုးစား​တတ်​ခဲ့​ကြ

နာ​တာ​လီ ဟော့​တော့​ဖ် ပြောပြ​သည်

၁၉၄၅၊ ဇွန်လ​ဖြစ်ပါ​တယ်။ အဲ့ဒီ​လရဲ့​တစ်နေ့​မှာ ဖြူဖပ်ဖြူရော်​ဖြစ်နေ​တဲ့​လူတစ်ယောက် ကျွန်မ​တို့​အိမ်ရှေ့​တံခါးဝ​မှာ စိတ်ရှည်​လက်​ရှည် ရပ်​စောင့်နေ​တယ်။ ရုတ်တရက် သမီး​ငယ်​လေး​ရုသ်​က“အမေ၊ တံခါးပေါက်​မှာ သူစိမ်း​တစ်ယောက် ရောက်နေတယ်” လို့​အော်ပြော​လိုက်တယ်။ အဲ့ဒီ​သူစိမ်း​ဟာ သူ့ရဲ့​အဖေ၊ ကျွန်မ​ချစ်​ရတဲ့​ခင်ပွန်း ဖဲ​ဒီ​နာ​န်​ဆိုတာ သမီးလေး​မသိ​ရှာ​ဘူး။ လွန်ခဲ့တဲ့​နှစ်နှစ်၊ ရုသ်​မွေး​ပြီး သုံးရက်​လောက်​မှာ ဖဲ​ဒီ​နာ​န် အိမ်ကနေ ထွက်သွား​ပြီး အဖမ်း​ခံရ​တယ်၊ နောက်ဆုံး နာဇီ​ချွေး​တပ်​စခန်း​မှာ ထောင်ချ​ခံရ​တယ်​လေ။ ဒါပေမဲ့ အခုတော့ ရုသ်​က သူ့​အဖေ​ကို တွေ့ရ​ပြီး ကျွန်မ​တို့​မိသားစု ပြန်ပေါင်း​စည်း​ခဲ့ပြီ။ ဖဲ​ဒီ​နာ​န်​နဲ့ ကျွန်မ စကား​အများကြီး ပြော​ခဲ့​ကြတယ်!

ဂျာမနီ​နိုင်ငံ၊ ကီး​မြို့၊ ၁၉၀၉ ခုနှစ်​မှာ ဖဲ​ဒီ​နာ​န်​ကို မွေး​ပြီး ကျွန်မ​ကိုလည်း ၁၉၀၇ ခုနှစ်၊ ဂျာမနီ​နိုင်ငံ၊ ဒ​ရက်စ်​ဒန်​မြို့မှာ မွေး​ခဲ့​တာ။ ကျွန်မ​အသက် ၁၂ နှစ်အရွယ်မှာ အဲ့ဒီ​တုန်း​က ကျမ်းစာ​ကျောင်းသား​တွေ​လို့ လူသိ​များတဲ့ ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်မ​မိသားစုက စပြီး​အဆက်အသွယ်​ရခဲ့တယ်။ ကျွန်မ​အသက် ၁၉ နှစ်အရွယ်မှာ ဧဝံဂေလိ​ချာ့ခ်ျ​ကနေ နုတ်ထွက်​ပြီး ယေဟောဝါ​ထံ ကျွန်မ​ရဲ့​ဘဝကို ဆက်ကပ်​အပ်နှံ​လိုက်တယ်။

အဲ့ဒီ​အချိန်​မှာ ဖဲ​ဒီ​နာ​န်​က ရေကြောင်း​ကောလိပ်​ကနေ ဘွဲ့​ရပြီး သင်္ဘောသား​ဖြစ်လာ​တယ်။ သင်္ဘော​လိုက်နေ​ရင်း ဖန်ဆင်း​ရှင်​တစ်ပါး​တည်ရှိခြင်း​နဲ့​ပတ်သက်​တဲ့ မေးခွန်းတွေကို ဆင်ခြင်​သုံးသပ်​ခဲ့တယ်။ ဆိပ်ကမ်း​ပြန်​ရောက်တဲ့အခါ အဲ့ဒီ​အချိန်​က ကျမ်းစာ​ကျောင်းသား​ဖြစ်​တဲ့ သူ့ရဲ့​အစ်ကို​ဆီ သွားလည်​ခဲ့တယ်။ အဲ့ဒီ​ကို​သွားလည်​လိုက်လို့ သူ့​အတွက် အကျပ်ရိုက်​နေတဲ့ မေးခွန်းတွေကို ကျမ်းစာ​ကနေ အဖြေ​ရသွားတယ်။ လူသာ​ရင်​ချာ့ခ်ျ​ကနေ နုတ်ထွက်​လိုက်တယ်၊ ပြီး​တော့ သင်္ဘောသား​မ​လုပ်​တော့​ဘူးလို့​လည်း ဆုံးဖြတ်​လိုက်တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ပထမဦးဆုံး​အကြိမ် သူပါ​ဝင်ပြီး​တဲ့​နောက်​မှာ သူ့ရဲ့​ကျန်​အသက်တာကို ဒီ​လုပ်ငန်းမှာ​ပဲ မြှုပ်နှံ​လို​တဲ့​ဆန္ဒ ပြင်းပြ​လာတယ်။ အဲ့ဒီ​ည​မှာပဲ ဖဲ​ဒီ​နာ​န်​ဟာ ယေဟောဝါ​ထံ သူ့ရဲ့​အသက်တာကို ဆက်ကပ်​အပ်နှံ​ပြီး ၁၉၃၁၊ ဩဂုတ်​လမှာ နှစ်ခြင်း​ခံ​ခဲ့တယ်။

သင်္ဘောသား​ရော၊ ဟောပြောသူပါ​ဖြစ်

၁၉၃၁၊ နိုဝင်ဘာ​လမှာ ဖဲ​ဒီ​နာ​န်​ဟာ နယ်သာလန်​နိုင်ငံ​က ဟောပြောခြင်း​လုပ်ငန်း​ကို ကူညီ​ပေးဖို့ ရထား​နဲ့​ထွက်သွား​တယ်။ ကျွန်တော်​က သင်္ဘောသား​ဖြစ်​ခဲ့​ဖူး​တယ်​ဆိုပြီး အဲ့ဒီ​နိုင်ငံ​မှာ လုပ်ငန်းကြီး​ကြပ်​တဲ့​ညီအစ်ကို ကို ဖဲ​ဒီ​နာ​န်​ပြောလိုက်တဲ့​အခါ အဲ့ဒီ​ညီအစ်ကို​က “ခင်ဗျား​က ကျွန်တော်​တို့​လိုအပ်​နေတဲ့​သူပဲ” တဲ့! နိုင်ငံ​ရဲ့​မြောက်ပိုင်း​က ရေကြောင်း​ဘေး​တစ်လျှောက်​မှာ နေကြ​တဲ့​သူတွေကို ရှေ့ဆောင် (အချိန်ပြည့်​အမှုဆောင်) အုပ်စု​တစ်စု​က ဟောပြောဖို့ သင်္ဘော​တစ်စင်း ငှား​လိုက်တယ်။ သင်္ဘော​ပေါ်မှာ လူ​ငါး​ယောက်​ပါ​ပေမဲ့ တစ်ယောက်မှ သင်္ဘော​မမောင်း​တတ်ကြ​ဘူး။ ဒါနဲ့​ပဲ ဖဲ​ဒီ​နာ​န်​က မာ​လိ​န်မှူး​ဖြစ်လာ​တာပေါ့။

နောက်​ခြောက်​လမှာ နယ်သာလန်​တောင်ပိုင်း​က တဲ​လ်​ဘာ့ဂ်​မြို့မှာ ရှေ့ဆောင်​လုပ်ဖို့ ဖဲ​ဒီ​နာ​န်​ကို တောင်းဆို​ခဲ့တယ်။ အဲ့ဒီ​အချိန်​လောက်​မှာပဲ ကျွန်မ​လည်း ရှေ့ဆောင်​အနေ​နဲ့ တဲ​လ်​ဘာ့ဂ်​မြို့ကို ရောက်နေတဲ့​အတွက် ဖဲ​ဒီ​နာ​န်​နဲ့ ကျွန်မ​တွေ့ဆုံ​ခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းပဲ ကျွန်မ​တို့ကို နိုင်ငံ​ရဲ့​မြောက်ပိုင်း​က ဂ​ရို​နင်​ဂ​န်​မြို့ကို ပြောင်း​ခိုင်းတယ်။ အဲ့ဒီ​မြို့မှာ​ပဲ ၁၉၃၂၊ အောက်တိုဘာ​လမှာ ကျွန်မ​တို့​လက်ထပ်​လိုက်တယ်၊ အဲ့ဒီ​က​ရှေ့ဆောင်​တွေ အတော်များများ​နေသွား​ကြ​တဲ့ အိမ်မှာ​နေပြီး ရှေ့ဆောင်​လုပ်​ရင်း ပျားရည်ဆမ်း​ခရီးထွက်​ခဲ့​ကြတယ်!

၁၉၃၅ ခုနှစ်​မှာ ကျွန်မ​တို့​ရဲ့​သမီးလေး အက်စ်တာ​ကို မွေးဖွားခဲ့တယ်။ ကျွန်မ​တို့​ဆီ​မှာ ဝင်ငွေ​နည်း​နေပေမဲ့​လည်း ရှေ့ဆောင်​ဆက်လုပ်​ကြ​မယ်​လို့ ဆုံးဖြတ်​ခဲ့တယ်။ ရွာ​တစ်ရွာ​ကို ကျွန်မ​တို့​ပြောင်း​သွားပြီး အိမ်သေးသေးလေး​မှာ နေခဲ့​ကြတယ်။ ကျွန်မ​က အိမ်မှာ ကလေးထိန်း​နေပြီး ကျွန်မ​ခင်ပွန်း​က တစ်နေ့​ရဲ့​အချိန်​များများ​ကို အမှုဆောင်မှာ​သုံးခဲ့​တယ်။ နောက်​တစ်နေ့​မှာ ကျွန်မ​က အမှုဆောင်ထွက် သူက ကလေးထိန်း​ပေါ့။ ကျွန်မ​တို့​နဲ့​အတူ အက်စ်တာ အမှုဆောင်ထွက်​နိုင်​တဲ့ အရွယ်​ရောက်တဲ့​အထိ အဲ့ဒီ​လို​ပဲ​ဆက်လုပ်​ခဲ့​ရတယ်။

သိပ်​မကြာခင် ဥရောပ​နိုင်ငံရေး​မိုးကုပ်​စက်​ဝိုင်း​မှာ မိုး​တွေ​မည်းမှောင်​လာပြီ။ ဂျာမနီ​က သက်သေခံတွေ ညှဉ်းပန်း​နှိပ်စက်​ခံ​နေရ​တယ်လို့ ကျွန်မ​တို့​ကြားသိ​လိုက်ရ​တဲ့​အချိန်​မှာ မကြာခင် ကျွန်မ​တို့​အလှည့် ရောက်လာ​တော့​မယ်​ဆိုတာ သဘောပေါက်ခဲ့​ကြတယ်။ ပြင်းထန်​တဲ့​ညှဉ်းပန်း​နှိပ်စက်မှု​အောက်မှာ ကျွန်မ​တို့​ဘယ်လောက်ထိ ခံရပ်​နိုင်​မလဲ​လို့ စဉ်းစား​ခဲ့​ကြတယ်။ ၁၉၃၈ ခုနှစ်​မှာ ဒတ်ခ်ျ​အာဏာပိုင်တွေ​က နိုင်ငံခြားသား​တွေ​ဟာ ဘာသာရေး​စာပေ​တွေ​လိုက်​ဖြန့်​တဲ့ ကော်လ်ပေါ်တာ​အလုပ်ကို တားမြစ်​ထား​တဲ့​အမိန့် ထုတ်ပြန်​လိုက်တယ်။ ကျွန်မ​တို့ ဆက်​ပြီး​အမှုဆောင်​နိုင်​ဖို့ ဒတ်ခ်ျ​လူမျိုး​သက်သေခံတွေ​က ကျွန်မ​တို့​လုပ်ငန်း​ကို စိတ်ဝင်စား​တဲ့​သူတွေရဲ့ နာမည်​တွေ​ပေး​တယ်၊ ဒါနဲ့​ပဲ သူတို့​ထဲ​က​တချို့​နဲ့ ကျမ်းစာ​သင်အံမှု ပြုလုပ်​ခဲ့​ကြတယ်။

အဲ့ဒီ​အချိန်​လောက်​မှာပဲ ယေဟောဝါသက်သေ​တွေ​ရဲ့ စည်းဝေးကြီး​ကို ကျင်းပ​တော့​မယ်။ စည်းဝေးကြီး​အတွက် ရထား​လက်မှတ်​ဝယ်​ဖို့ ကျွန်မ​တို့​မှာ ပိုက်ဆံ​မရှိကြ​ပေမဲ့ စည်းဝေးကြီး​ကို​တက်​ချင်​ကြတယ်။ ဒါနဲ့ သမီးလေး​အက်စ်တာ​ကို စက်ဘီး​လက်ကိုင်​ဘား​ခုံ​လေး​ပေါ်မှာ​တင်ပြီး သုံးရက်​ခရီးထွက်​ခဲ့​ကြတယ်။ လမ်းတစ်လျှောက်​မှာ​နေကြ​တဲ့ သက်သေခံတွေရဲ့​အိမ်မှာ ကျွန်မ​တို့ ညအိပ်​ခဲ့​ကြတယ်။ တစ်နိုင်ငံ​လုံး​ဆိုင်ရာ​စည်းဝေးကြီး​ကို ကျွန်မ​တို့ ပထမဦးဆုံး​အကြိမ် တက်ခွင့်​ရတာ ဝမ်းသာ​လို့​မဆုံး​ပါ​ဘူး! စည်းဝေး​အစီအစဉ်​က ရောက်ရှိ​လာတော့​မယ့် စမ်းသပ်မှု​တွေ​ကို ကြံ့ကြံ့ခံရပ်​နိုင်​စေ​ခဲ့တယ်။ ဒါ့ပြင် ဘုရားသခင်​ကို ကျွန်မ​တို့ ယုံကြည်​ကိုးစား​ဖို့ နှိုးဆော်​ခံရ​တယ်။ ဒါနဲ့​ပဲ “ငါသည် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ​၏” ဆို​တဲ့ ဆာလံ ၃၁:၆ [က​ဘ] က​ကျွန်မ​တို့​ရဲ့​ဆောင်ပုဒ်​ဖြစ်လာ​တယ်။

နာဇီ​များ လိုက်လံ​ဖမ်းဆီး

၁၉၄၀ ပြည့်နှစ် မေလ​မှာ နာဇီ​တွေ​က နယ်သာလန်​နိုင်ငံ​ကို ကျူးကျော်​သိမ်းပိုက်​လိုက်တယ်။ အဲ့ဒီ​နောက်​မကြာခင် သင်္ဘော​နဲ့​ပို့လိုက်​မယ့် ကျမ်းစာ,စာပေ​တွေ​ကို ကျွန်မ​တို့ ရွေးထုတ်​နေတုန်း ကျွန်မ​တို့​အိမ်ကို ဂက်စတာပို​လို့​ခေါ်​တဲ့ လျှို့ဝှက်​ရဲတွေ မမျှော်လင့်​ဘဲ ရောက်​လာကြတယ်။ ဖဲ​ဒီ​နာ​န်​ကို ဂက်စတာပို​ဌာနချုပ်​ကို ခေါ်သွား​ကြတယ်။ သူ​ရှိတဲ့​အဲ့ဒီ​နေရာကို အက်စ်တာ​နဲ့​ကျွန်မ မကြာခဏ​သွားလည်​ကြတယ်၊ တစ်ခါ​တ​လေ ကျွန်မ​တို့​ရှေ့မှာပဲ သူ့ကို ရိုက်နှက်​စစ်ဆေး​ကြတယ်။ ဒီဇင်ဘာ​လမှာ မမျှော်လင့်​ဘဲ ဖဲ​ဒီ​နာ​န် ပြန်​လွတ်​လာတယ်၊ ဒါပေမဲ့ သိပ်​မကြာ​လိုက်ပါ​ဘူး။ ကျွန်မ​တို့ အိမ်ကို​ပြန်လာတဲ့​အခါ တစ်​ညနေ အိမ်နား​မှာ ဂက်စတာပို​ကား​တစ်စီး ရပ်​ထား​တာ မြင်​လိုက်တယ်။ အက်စ်တာ​နဲ့​ကျွန်မ အိမ်ထဲ ဝင်​သွားတာ​နဲ့ ဖဲ​ဒီ​နာ​န် ရှောင်ထွက်​သွားတယ်။ ဂက်စတာပို​က ကျွန်မ​တို့ကို စောင့်​နေကြ​တာ။ ဖဲ​ဒီ​နာ​န်​ကို သူတို့ အလိုရှိ​နေတယ်။ ဂက်စတာပို​ပြန်သွား​ပြီး အဲ့ဒီ​ည​မှာပဲ ဒတ်ခ်ျ​ရဲတွေ ရောက်လာ​ပြီး စစ်ဆေး​မေးမြန်း​ဖို့ ကျွန်မ​ကို ခေါ်​သွားတယ်။ နောက်​တစ်နေ့​မှာ အက်စတာ​နဲ့​ကျွန်မ​ကို တည်းခို​ခွင့်​ပေး​ခဲ့​တဲ့ နှစ်ခြင်း​ခံ​ပြီး​ခါ​စ သက်သေခံ​ဇနီး​မောင်နှံ နော်​ဒါ​မိသားစုရဲ့​အိမ်မှာ သွား​ပုန်း​နေ​လိုက်တယ်။

၁၉၄၁၊ ဇန်နဝါရီ​လ​ကုန်ပိုင်း​မှာ လှေပေါ်​အိမ်မှာ​နေတဲ့ ရှေ့ဆောင်​ဇနီး​မောင်နှံ​ကို ဖမ်းသွား​ကြတယ်။ နောက်​တစ်နေ့ တိုက်နယ်​ကြီးကြပ်မှူး (နယ်လှည့်​အမှုဆောင်) နဲ့​ကျွန်မ​ခင်ပွန်း​က လှေပေါ်​တက်ပြီး အဲ့ဒီ​ဇနီး​မောင်နှံရဲ့​ပစ္စည်း​အချို့​ကို သွား​ယူ​ကြတယ်၊ ဒါပေမဲ့ ဂက်စတာပို​အပေါင်းပါ​တွေ​က သူတို့ကို လိုက်​ဖမ်း​ကြတယ်။ ဖဲ​ဒီ​နာ​န်​က သူ့​စက်ဘီး​နဲ့ ထွက်ပြေး​လွတ်မြောက်သွား​ပေမဲ့ တိုက်နယ်​ကြီးကြပ်မှူး​က အဖမ်း​ခံရ​ပြီး ထောင်ချ​ခံရ​တယ်။

တာဝန်​ရှိ​ညီအစ်ကို​တွေ​က တိုက်နယ်​ကြီးကြပ်မှူး​ရဲ့​နေရာမှာ ဖဲ​ဒီ​နာ​န်​ကို အစားထိုး​လိုက်ကြတယ်။ ဒါ​ကြောင့် ဖဲ​ဒီ​နာ​န်​က တစ်လ​မှာ သုံးရက်​ပဲ အိမ်မှာ​ရှိတော့မယ်။ ကျွန်မတို့​အတွက် စမ်းသပ်မှု​အသစ်​တစ်ခု​ပဲ၊ ဒါပေမဲ့ ကျွန်မ ဆက်​ပြီး​ရှေ့ဆောင်​ခဲ့တယ်။ ဂက်စတာပို​က သက်သေခံတွေကို သဲကြီးမဲကြီး​လိုက်ရှာ​ကြ​လို့ ကျွန်မ​တို့​လည်း အမြဲ​ပြောင်းရွှေ့​နေ​ရတယ်။ ၁၉၄၂ ခုနှစ်​မှာ ကျွန်မ​တို့ အိမ်သုံး​ခါ​ပြောင်း​ခဲ့​ကြတယ်။ ဖဲ​ဒီ​နာ​န် လျှို့ဝှက်​အမှုဆောင်​နေတဲ့​နေရာ​ကနေ အလှမ်းဝေး​တဲ့ ရော့​တာ​ဒမ်​မြို့မှာ နောက်ဆုံး​အခြေချ​ခဲ့​ကြတယ်။ အဲ့ဒီ​အချိန်​မှာ ဒုတိယ​ကလေး​ကို ကျွန်မ​ကိုယ်ဝန်​ရှိနေပြီ။ မကြာသေး​ခင်​က ချွေး​တပ်​စခန်း​ကို အ​ပို့​ခံရ​တဲ့ သား​နှစ်ယောက်​ရှိတဲ့ ကဲ​မ်​မိသားစုက သူတို့​အိမ်မှာ ကျွန်မ​တို့ကို ကြင်နာ​စွာ​နဲ့ ခေါ်ထား​တယ်။

ကျွန်မ​တို့​နောက် ဂက်စတာပို ထက်​ကြပ်​မ​ကွာ​လိုက်

ကျွန်မ​တို့​ရဲ့​ဒုတိယ​သမီးလေး ရုသ်​ကို ၁၉၄၃၊ ဇူလိုင်​လမှာ မွေးခဲ့တယ်။ ရုသ်​ကို​မွေး​ပြီး သုံးရက်​အထိ ကျွန်မ​တို့​နဲ့​အတူ ဖဲ​ဒီ​နာ​န်​နေခဲ့​သေး​ယ်၊ သူ​ထွက်သွား​ပြီး​တဲ့​နောက် အတော်ကြာကြာ​အထိ သူ့ကို​မ​တွေ့ရ​တော့​ပါ​ဘူး။ နောက်​သုံး​ပတ်​လောက်​မှာ အမ်စတာဒမ်​မြို့မှာ ဖဲ​ဒီ​နာ​န် အဖမ်း​ခံရ​တယ်။ သူ့ကို ဂက်စတာပို​ဌာန​ကို​ခေါ်သွား​ပြီး သူ​ဘယ်သူလဲ​ဆိုတာ အသေအချာ​စစ်ဆေး​တယ်။ ဂက်စတာပို​က ဟောပြောခြင်း​လှုပ်ရှားမှု​တွေ​အကြောင်း အချက်အလက်​ပေးဖို့ သူ့ကို မရ​မ​က​စစ်ဆေး​မေးမြန်းခဲ့​တယ်။ ဒါပေမဲ့ ဖဲ​ဒီ​နာ​န်​က ဖွင့်ပြော​လိုက်တာ​က သူဟာ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ပြီး ဘယ်​နိုင်ငံရေး​လှုပ်ရှားမှု​မှ မပါဘူး​ဆိုတာ​ပါ​ပဲ။ ဂျာမန်​လူမျိုး​ဖြစ်​တဲ့ ဖဲ​ဒီ​နာ​န်​မှာ စစ်မှုထမ်း​မှတ်တမ်း​မရှိလို့ ဂက်စတာပို​အရာရှိ​တွေ​က ဒေါသ​အရမ်း​ထွက်​ပြီး သူ့ကို သစ္စာဖောက်​အနေ​နဲ့ ကွပ်မျက်​ဖို့ ခြိမ်းခြောက်​ခဲ့​ကြတယ်။

ဖဲ​ဒီ​နာ​န်​ဟာ နောက်ထပ်​ငါး​လ​အထိ အကျဉ်းခန်း​ထဲမှာ​နေရ​ပြီး ကွပ်မျက်​ရေး သေနတ်​တပ်ဖွဲ့​ရဲ့​ခြိမ်းခြောက်​မှု​ကို မပြတ်​ခံ​ခဲ့​ရတယ်။ ဒါတောင်မှ ယေဟောဝါ​အပေါ် သူ့ရဲ့​တည်ကြည်မှု​က မယိမ်းယိုင်​ခဲ့​ပါ​ဘူး။ ဝိညာဉ်​ရေး​မှာ ဆက်​သန်မာ​နေဖို့ ဘာက သူ့ကို​ကူညီပေး​ခဲ့​သလဲ။ ဘုရားသခင်​ရဲ့​စကားတော် သမ္မာ​ကျမ်းစာ​ပါ​ပဲ။ တကယ်တော့ သက်သေခံ​တစ်ယောက်​ဖြစ်​တဲ့ ဖဲ​ဒီ​နာ​န်​ကို သမ္မာကျမ်းစာ​ထား​ခွင့်​မပေးဘူး။ ဒါပေမဲ့ တခြား​အကျဉ်းသားတွေ​က ကျမ်းစာ​ကို တောင်းဆို​ခွင့်​ရှိတယ်။ ဒါနဲ့ မိသားစု​ဆီကနေ သမ္မာကျမ်းစာ​တစ်အုပ် တောင်းပေး​ဖို့ သူ့ရဲ့​အကျဉ်း​ဖော်​ကို ဖဲ​ဒီ​နာ​န် နားချ​နိုင်​ခဲ့လို့ အဲ့ဒီ​လူ​လည်း ကျမ်းစာ​တောင်း​လိုက်တယ်။ နှစ်​နဲ့​ချီ​ကြာပြီးနောက်​မှာ​တောင် ဖဲ​ဒီ​နာ​န် အဲ့ဒီ​အကြောင်း ပြောပြ​တိုင်း သူ့ရဲ့​မျက်လုံး​တွေ​က တောက်ပ​ပြီး “သမ္မာကျမ်းစာ​က ကျွန်တော့်​ကို သက်သာမှု​ပေး​ခဲ့​တာ!” လို့​ပြောပြ​တယ်။

၁၉၄၄၊ ဇန်နဝါရီ​လ​ဆန်း​ပိုင်း​မှာ ဖဲ​ဒီ​နာ​န်​ကို နယ်သာလန်​နိုင်ငံ၊ ဗာခ်​ချွေး​တပ်​စခန်း​ကို ရုတ်တရက် ပို့​လိုက်တယ်။ အဲ့ဒီ​ကို​ပို့လိုက်​လို့ မမျှော်လင့်​ဘဲ သူ့​အတွက် ကောင်းချီး​ဖြစ်သွား​တယ်၊ အဲ့ဒီ​မှာ တခြား​သက်သေခံ ၄၆ ယောက်​နဲ့ သူ​တွေ့ဆုံ​ရတယ်​လေ။ သူ​ရောက်နေတဲ့​နေရာကို ကျွန်မ​သိလိုက်ရ​တဲ့​အချိန်​မှာ သူ​အသက်ရှင်နေ​သေး​ပါ​လား​ဆိုပြီး ကျွန်မ​အရမ်း​ဝမ်းသာ​ခဲ့တယ်!

ချွေး​တပ်​စခန်း​တွင် အရှိန်​မလျှော့​ဘဲ ဆက်​ဟောပြော

စခန်း​မှာ​နေရ​တဲ့​ဘဝဟာ တကယ့်ကို ကြမ်းတမ်း​ခက်ခဲ​ပါ​တယ်။ အကြီးအကျယ်​အာဟာရချို့​တဲ့၊ အနွေးထည်​က​မရှိ၊ အသည်းခိုက်​အောင် ချမ်းစိမ့်၊ အဲ့​ဒါတွေ​က မ​ဆန်း​တော့​ပါ​ဘူး။ ဖဲ​ဒီ​နာ​န်​ဟာ အာသီးရောင်​ရောဂါ ကူးစက်​ခဲ့တယ်။ ချမ်းအေး​တဲ့​အပြင်မှာ အကြာကြီး​တန်းစီ​လူစစ်​ခံ​ပြီး​တဲ့​နောက်​မှာ ဖဲ​ဒီ​နာ​န်​က သူ​ဖျားနေ​တယ်​ဆိုပြီး ဖျားနာ​ဆောင်​ကို သတင်းပို့​လိုက်တယ်။ အဖျား ၁၀၄ ဒီဂရီ​ဖာရင်ဟိုက်​နဲ့ အထက် လူနာ​တွေ​ကိုပဲ ဖျားနာ​ဆောင်​မှာ နေခွင့်​ပြု​တယ်။ ဖဲ​ဒီ​နာ​န်​ရဲ့​အဖျား​က ၁၀၂ ဒီဂရီ​ဖာရင်ဟိုက်​ပဲ​ရှိတာ​ကြောင့် သူ့ကို နေခွင့်​မပြု​ခဲ့​ဘူး! သူ့ကို အလုပ်သွား​လုပ်​ခိုင်းတယ်။ ဒါပေမဲ့ စာနာစိတ်​ရှိတဲ့ အကျဉ်းသားတွေ​က သူ့ကို ပူနွေး​တဲ့​နေရာမှာ ခဏလောက် ဝှက်ထား​ပေး​ကြတယ်။ ရာသီဥတု ပူနွေး​လာလို့ ပို​သက်သာ​သွားတယ်။ တချို့​ညီအစ်ကို​တွေ​က စားစရာ​တွေ​ရတဲ့အခါ အချင်းချင်း​ဝေမျှ​ကြ​လို့ ဖဲ​ဒီ​နာ​န်​လည်း အားပြန်ပြည့်​လာတယ်။

ကျွန်မ​ခင်ပွန်း ထောင်​မကျ​ခင်​က ဟောပြောခြင်း​ဟာ သူ့ရဲ့​ဘဝ​လမ်းစဉ်​ဖြစ်​ခဲ့တယ်၊ အကျဉ်း​စခန်း​မှာလည်း သူ့ရဲ့​ယုံကြည်ချက်တွေကို ဆက်​ပြောပြ​တယ်။ အကျဉ်းသား​တစ်ယောက်​ဟာ သက်သေခံ​ဖြစ်တယ်​ဆိုတာ​ကို မှတ်သား​ဖော်ပြ​တဲ့ သူ့ရဲ့​ခရမ်းရောင်​တြိဂံ​တံဆိပ်​နဲ့​ပတ်သက်ပြီး စခန်း​အရာရှိ​တွေ​က မကြာခဏ လှောင်ပြောင်​သရော်​ခဲ့​ကြတယ်။ ဒါပေမဲ့ ဖဲ​ဒီ​နာ​န်​က အဲ့ဒီ​လှောင်ပြောင်မှု​တွေ​ကို သူတို့နဲ့​စကား​စ​ပြော​ဖို့ အခွင့်အရေး​ဖြစ်တယ်​လို့ ရှုမြင်ခဲ့​တယ်။ အစပိုင်း​မှာ ညီအစ်ကို​တွေ​ရဲ့ ဟောပြောခြင်း​ရပ်ကွက်​က သက်သေခံတွေ​နေကြ​တဲ့ တန်းလျား​တွေ​လောက်​ပဲ။ ‘ဒီထက်မက အကျဉ်းသားတွေ​ဆီ​ကို ငါ​တို့​ဘယ်လို​သွား​နိုင်​မလဲ’ ဆိုပြီး ညီအစ်ကို​တွေ မေးခွန်းထုတ်​ခဲ့​ကြတယ်။ စခန်း​မှူး​က အမှတ်မထင် ဖြေရှင်း​ပေး​လိုက်တယ်။ ဘယ်လို​နည်းနဲ့လဲ။

ညီအစ်ကို​တွေ​က ကျမ်းစာ,စာပေ​နဲ့ ကျမ်းစာ ၁၂ အုပ်​ကို တိတ်တဆိတ် ရရှိ​ခဲ့​ကြတယ်။ တစ်နေ့​မှာ အစောင့်​တွေ​က စာပေ​တွေ​ကို တွေ့​သွားပေ​မဲ့ ဘယ်သူဟာ​လဲ​ဆိုတာ မသိကြဘူး။ ဒါနဲ့ စခန်း​အရာရှိ​တွေ​က သက်သေခံတွေရဲ့​စည်းလုံးမှု​ကို ဖြိုခွဲ​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ ဒါ​ကြောင့် အပြစ်ပေး​တဲ့​အနေ​နဲ့ ညီအစ်ကို​တွေ​ကို သက်သေခံ​မဟုတ်တဲ့​အကျဉ်းသားတွေ​နေတဲ့ တန်းလျား​တွေ​ဆီ ပို့​လိုက်တယ်။ ဒီ​ပြင် အစာစား​တဲ့​အခါ သက်သေခံ​မဟုတ်တဲ့​သူတွေရဲ့​ဘေးမှာ ထိုင်​ရတယ်။ ဒီ​အစီအစဉ်​က ကောင်းချီး​တစ်ရပ်​ဖြစ်သွား​တယ်​လေ။ အစ​က ညီအစ်ကို​တွေ ပြုလုပ်​ချင်​ကြ​တဲ့​အတိုင်း တတ်နိုင်​သလော​က် အကျဉ်းသား​ဖော်​တွေ​ကို ဟောပြောနိုင်​ခဲ့​ကြပြီ​လေ။

သမီးလေး​နှစ်ဦး​ကို တစ်ကိုယ်တည်း ကျွေးမွေး​ပြုစု​ခြင်း

အဲ့ဒီ​အချိန်​မှာ ကျွန်မ​က သမီးလေး​နှစ်ယောက်​နဲ့ ရော့​တာ​ဒမ်​မြို့မှာ နေတုန်းပဲ။ ၁၉၄၃/၄၄ ခုနှစ် ဆောင်း​ရာသီ​က အရင်က​နဲ့​မတူ​အောင် ဆိုးရွား​လာတယ်။ အိမ်အနောက်​ဘက်မှာ ဂျာမန်​စစ်သား​တွေ​ရဲ့ လေယာဉ်​ပစ်​အ​မြောက်​တပ်​ခွဲ​တစ်ခု​ရှိတယ်။ အရှေ့ဘက်မှာ မဟာမိတ်​ဗုံးကြဲ​လေယာဉ်​တွေ​ရဲ့ အဓိက​ပစ်မှတ် ဗားလ်​ဆိပ်ကမ်း​ရှိတယ်။ လုံခြုံ​စိတ်ချ​ရ​ဆုံး ပုန်း​ရမယ့်​နေရာ​မဟုတ်တာ​တော့ သေချာ​ပါ​တယ်။ ဒီ​ပြင် စားစရာ​က​လည်း ရှားပါး​နေတယ်။ ဒါ့​ကြောင့် ကျွန်မ​တို့​ဟာ အရင်ကထက် ယေဟောဝါ​ကို ပို​ပြီး ပုံအပ်​ယုံကြည်​တတ်​လာတယ်။—သု. ၃:၅၊ ၆

ရှစ်နှစ်​အရွယ် အက်စ်တာ​က ဆင်းရဲသား​တွေ​ကို အစားအသောက်​လှူဒါန်း​ပေး​တဲ့​နေရာမှာ ကျွန်မ​တို့ မိသားစု​ငယ်​လေး​အတွက် သွား​တန်းစီ​ပေး​တယ်။ တစ်ခါ​တ​လေ စားစရာ​ယူဖို့ သမီး​အလှည့်​ရောက်တဲ့အခါ ဘာမှ​မကျန်​တော့​ဘူး။ သမီးလေး စားစရာ​သွား​ရှာ​တဲ့ တစ်ခေါက်​တုန်း​က လေကြောင်း​တိုက်ခိုက်မှု​တွေ​နဲ့ သွား​ကြုံနေ​တယ်။ ပေါက်ကွဲ​သံ​ကြား​လိုက်ရ​တဲ့​အချိန်​မှာ ကျွန်မ ထိတ်လန့်​သွားခဲ့တယ်၊ ဒါပေမဲ့ မကြာ​ပါ​ဘူး၊ သမီးလေး​ဟာ ထိခိုက်​ဒဏ်ရာ​မရှိတဲ့​အပြင် သကြား​မုန်​လာ​နည်းနည်း​ကို​တောင် ပွေ့ပိုက်​ပြီး​ပြန်​လာတော့ ကျွန်မ​ရဲ့ စိုးရိမ်မှု​ကို ဝမ်းသာ​တဲ့​မျက်ရည်တွေ​က အစားဝင်​ရောက်သွား​တော့​တာပေါ့။ “ဘာ​ဖြစ်သွား​သေး​လဲ” လို့​ဦးဆုံး ကျွန်မ​မေးလိုက်​မိတယ်။ သမီး​က အေးအေးဆေးဆေး​နဲ့ “ဗုံး​တွေ​ကျ​တဲ့​အခါ အဖေ​ပြော​ထား​သလို ‘မြေကြီး​ပေါ်မှာ ဝမ်း​လျားမှော​က်​ပြီး ဆုတောင်း’ နေ​လိုက်တယ်၊ အဲ့​ဒါ​ကြောင့် ဘာမှ​မဖြစ်​တာ” တဲ့။

ကျွန်မ​က ဂျာမန်​လေသံ​ဝဲ​နေတဲ့​အတွက် အက်စ်တာ ဈေး​ထွက်​ဝယ်​ပေး​တာ​ပဲ ပို​ပြီး​အန္တရာယ်ကင်း​တယ်​လေ။ အဲ့​လို​လုပ်တာ​တောင် ဂျာမန်​စစ်သား​တွေ​က အလွတ်​မပေးဘူး၊ အက်စ်တာ​ကို ဟို​မေး​ဒီ​မေး​လုပ်ကြတယ်။ ဒါပေမဲ့ သမီး​က ဘာမှ​ဖွင့်​မပြောခဲ့ဘူး။ အက်စ်တာ​ကို အိမ်မှာ​ပဲ ကျမ်းစာ​သင်ပေးတယ်၊ သမီး​က ကျောင်း​မ​တက်​ခဲ့​ရလို့ အရေးအဖတ်​နဲ့ တခြား​လက်မှုပညာ​တွေ​ကို ကျွန်မ​သင်ပေးခဲ့​ရတယ်။

ဓမ္မ​အမှုမှာ​လည်း ကျွန်မ​ကို အက်စ်တာ ကူညီပေး​တယ်။ ကျွန်မ ကျမ်းစာ​သင်အံမှု​မသွား​ခင် လမ်းကြောင်း​ရှင်း​မ​ရှင်း အက်စ်တာ​က အရင်​သွား​ကြည့်​ပေး​တယ်။ ကျမ်းစာ​သင်သားနဲ့ ကျွန်မ​သဘောတူ​ထား​တဲ့ အမှတ်အသားတွေ​ရှိမရှိ သေချာ​အောင် သမီး​က​ကြည့်​ပေး​တယ်။ ဥပမာ​ပြော​ရ​ရင်၊ ကျွန်မ​သွား​လည်ပတ်​မယ့်​သူက ကျွန်မ​လာနိုင်တယ်​ဆိုတာ သိရ​အောင် ပြတင်းပေါက်​ဘောင်​ပေါ်မှာ ပန်း​အိုး​တစ်လုံး​တင်​ပေး​ထား​ရမယ်။ ကျမ်းစာ​သင်​နေတဲ့​အချိန်​မှာ အက်စ်တာ​က လမ်းပေါ်မှာ သမီးလေး​ရုသ်​ရဲ့​လှည်း​ကို ခေါက်​တုံ့​ခေါက်​ပြန်​တွန်း​ရင်း အန္တရာယ်ကို စောင့်ကြည့်​ပေး​တတ်တယ်။

ဇာ​ခ်​စင်​ဟော​င်​ဇ​င်​သို့

ဖဲ​ဒီ​နာ​န်​ရဲ့​အခြေအနေ ဘယ်လို​နေသလဲ။ ၁၉၄၄၊ စက်တင်ဘာ​လမှာ အကျဉ်းသား​အ​ယောက် ၈၀ ပါ​တဲ့ အုပ်စု​တွေ​နဲ့​ပြည့်ကျပ်​နေတဲ့ အလုံပိတ်​ကုန်​တွဲ​တွေ​ရှိတဲ့ ဘူတာရုံ​ကို တခြား​သူတွေနဲ့​အတူ သူ့ကို​ပါ အတင်း​ဆွဲခေါ်​သွား​ကြတယ်။ ကုန်​တွဲ​တစ်တွဲ​စီ​မှာ အိမ်သာ​ပုံး​တစ်လုံး​နဲ့ သောက်​ရေပုံး​တစ်လုံး​ရှိတယ်။ သုံး​နေ့​နဲ့​သုံး​ည ခရီး​ကို မတ်တတ်ရပ်​လိုက်သွား​ရတယ်! လေဝင်လေထွက် မရှိဘူး။ ကုန်​တွဲ​တွေ​က အလုံပိတ်​ဖြစ်​ပြီး ချောင်းကြည့်​ပေါက်​တွေ​က ဟိုနေရာ​မှာ​တစ်​ပေါက်၊ ဒီ​နေရာမှာ​တစ်​ပေါက်​ပဲ​ရှိတယ်။ ပူအိုက်​တာ၊ ဆာလောင်​တာ၊ ရေငတ်​တာ​အပြင် နံ​စော်​တာတွေကို မပြောပြ​တတ်​အောင် သူတို့​ခံ​ခဲ့​ရ​ရှာတယ်။

ရထား​က နာမည်ကြီး​ဇာ​ခ်​စင်​ဟော​င်​ဇ​င်​ချွေး​တပ်​စခန်း​မှာ တဖြည်းဖြည်း​ရပ်သွား​တယ်။ ခရီး​တစ်လျှောက်​လုံး​မှာ သက်သေခံတွေ​နဲ့​အတူပါ​လာတဲ့ ကျမ်းစာ​အုပ်​လေး ၁၂ အုပ်​က​လွဲလို့ အကျဉ်းသားတွေ​ရဲ့ ပစ္စည်း​အားလုံး​ကို သိမ်း​လိုက်တယ်။

ဖဲ​ဒီ​နာ​န်​နဲ့ တခြား​ညီအစ်ကို​ရှစ်ယောက်​ကို စစ်​ပစ္စည်း​ထုတ်လုပ်​တဲ့ ရာ​တာ​နို​မြို့က အရန်​စခန်း​ငယ်​ကို ပို့​လိုက်တယ်။ သတ်ပစ်​မယ်​လို့ ညီအစ်ကို​တွေ​ကို မကြာမကြာ ခြိမ်းခြောက်​ပေမဲ့ အဲ့ဒီ​အလုပ်ကို​လုပ်ဖို့ သူတို့​ငြင်း​ခဲ့​ကြတယ်။ မနက်ပိုင်းမှာ ဆာလံ ၁၈:၂ လို​မျိုး ကျမ်းချက်​တစ်ချက်​ပြော​ပြီး ကြံ့ကြံ့ခံ​ရပ်တည်​ဖို့ အချင်းချင်း​အားပေးခဲ့​ကြတယ်၊ ဒါ​ကြောင့် အဲ့ဒီ​ကျမ်းချက်​ကို သူတို့ တစ်နေ့လုံး ဆင်ခြင်​တွေးတော​နိုင်​ကြ​တာပေါ့။ ဒါနဲ့​ပဲ ဝိညာဉ်​ရေးရာ​တွေ​ကို သူတို့ ဆင်ခြင်​သုံးသပ်​နိုင်​ခဲ့​ကြတယ်။

နောက်ဆုံး​မှာ မဟာမိတ်​နဲ့ ရုရှား​တပ်​တွေ ချဉ်းကပ်​လာပြီ​ဆိုတာ အ​မြောက်​တပ်​က ကြေညာ​လိုက်တယ်။ ရုရှား​တွေ​က ဖဲ​ဒီ​နာ​န်​နဲ့ အပေါင်းအဖော်​တွေ​ရှိတဲ့ စခန်း​ကို ဦးဆုံး ရောက်​လာတယ်။ အကျဉ်းသားတွေ​ကို အစာ​ကျွေး​ပြီး စခန်း​ကနေ​ထွက်သွား​ခိုင်းတယ်။ ၁၉၄၅၊ ဧပြီလ​ကုန်ပိုင်း​မှာ ရုရှား​တပ်​က သူတို့ကို အိမ်ပြန်​ခွင့်​ပေး​လိုက်တယ်။

နောက်ဆုံး​တွင် မိသားစု​ပေါင်းဆုံ

ဇွန်လ ၁၅ ရက်​နေ့မှာ နယ်သာလန်​ကို ဖဲ​ဒီ​နာ​န် ရောက်​လာတယ်။ ဂ​ရို​နင်​ငန်​မြို့က ညီအစ်ကို​တွေ​က သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​ခဲ့​ကြတယ်။ နိုင်ငံ​ရဲ့​တစ်​နေရာ​ရာ​မှာ ကျွန်မ​တို့​အသက်ရှင် နေထိုင်​နေကြ​တယ်​ဆိုတာ မကြာခင် သူသိ​သွားတယ်၊ သူ​ပြန်ရောက်​လာပြီ​ဆို​တဲ့​အကြောင်း ကျွန်မ​တို့​သိခဲ့ရတယ်။ ဖဲ​ဒီ​နာ​န် ပြန်အလာ​ကို စောင့်နေ​ရတာ ကြာရှည်လွန်း​လှတယ်လို့ ထင်မှတ်​ရတယ်။ ဒါပေမဲ့ နောက်ဆုံး တစ်နေ့​မှာ သမီးလေး​ရုသ်​က “အမေ တံခါးပေါက်​မှာ သူစိမ်း​တစ်ယောက် ရောက်နေတယ်!” လို့​အော်ပြော​တယ်။ အဲ့ဒီ​သူစိမ်း​က ကျွန်မ​ချစ်​ရတဲ့ ခင်ပွန်း​ဖြစ်သူ သူတို့ရဲ့​အဖေ​ပဲ​လေ!

ပုံမှန်​မိသားစု​ဘဝ​ပြန်​မရောက်ခင် ပြဿနာ​တစ်ပုံကြီး​ကို ဖြေရှင်း​ခဲ့​ရတယ်။ ကျွန်မ​တို့​မှာ နေစရာ​မရှိဘူး၊ နိုင်ငံသား​ဖြစ်ခွင့်​ပြန်​ရဖို့ တကယ့်ကို​မလွယ်​ပါ​ဘူး။ ကျွန်မ​တို့​က ဂျာမန်​လူမျိုး​ဖြစ်​လို့ ဒတ်ခ်ျ​အရာရှိ​တွေ​က ကျွန်မ​တို့ကို နှစ်​အတော်ကြာကြာ ပယ်​ထား​တယ်။ နောက်ဆုံး​မှာ ကျွန်မ​တို့ အတည်တကျ​နေထိုင်ခွင့်​ရပြီး မိသားစု​လိုက် ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ဖို့ ကျွန်မ​တို့​တောင့်တ​ခဲ့​ကြ​တဲ့​ဘဝကို ပြန်​စ​နိုင်​ခဲ့​ပါ​ပြီ။

“ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ​၏”

နောက်ပိုင်း​မှာ ဖဲ​ဒီ​နာ​န်​နဲ့​ကျွန်မ​တို့​ဟာ ခက်ခဲ​တဲ့​နေ့ရက်​တွေ​တစ်လျှောက် အသက်ရှင်ခဲ့​တဲ့ ကျွန်မ​တို့​လို မိတ်ဆွေ​တချို့​နဲ့ ဆုံဆည်း​တဲ့​အချိန်တိုင်း အဲ့ဒီ​အချိန်တုန်းက ယေဟောဝါ​ရဲ့​မေတ္တာပါ​လမ်းပြမှု​ကို ကျွန်မ​တို့​ပြန်​ပြော​ဖြစ်​ခဲ့​ကြတယ်။ (ဆာလံ ၇:၁) နှစ်တွေ​တစ်လျှောက် ယေဟောဝါ​က ကျွန်မ​တို့ကို ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​မှာ တိုးချဲ့​ပါဝင်ခွင့်​ပေး​ခဲ့​တဲ့​အတွက် အားရ​ကြည်နူး​မိတယ်။ ယေဟောဝါ​ရဲ့​မြင့်မြတ်​တဲ့​လုပ်ငန်းတော်မှာ ကျွန်မ​တို့​ရဲ့​လူငယ်ဘဝကို အသုံးပြုခွင့်​ရတဲ့​အတွက် တကယ့်ကို အားရ​ရွှင်လန်း​တဲ့​အကြောင်းလည်း ကျွန်မ​တို့​ပြောတတ်​ကြတယ်။—ဒေ. ၁၂:၁

နာဇီ​ရဲ့​ညှဉ်းပန်း​နှိပ်စက်မှု​ပြီး​တဲ့​နောက်​မှာ ၁၉၉၅၊ ဒီဇင်ဘာ ၂၀ ရက်​နေ့မှာ ဖဲ​ဒီ​နာ​န်​ရဲ့​မြေကြီး​အသက်တာ မကုန်ဆုံး​ခင် ကျွန်မ​တို့​နှစ်ယောက်​အတူတူ အနှစ် ၅၀ ကျော်​အထိ ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​ခဲ့​ကြတယ်။ မကြာခင် ကျွန်မ​အသက် ၉၈ နှစ်​ပြည့်​တော့​မယ်။ ခက်ခဲ​တဲ့​နှစ်တွေ​မှာ ကျွန်မ​တို့​သားသမီးတွေရဲ့ ကူညီ​ထောက်ပံ့​ပေး​တာ၊ ကိုယ်တော့်​ရဲ့​နာမတော်​ထင်ရှား​ရေး လုပ်ငန်းမှာ ကျွန်မ​တတ်နိုင်​သလော​က် လုပ်ဆောင်​နိုင်​သေး​တာ​တွေ​အတွက် ယေဟောဝါ​ကို နေ့တိုင်း ကျေးဇူး​တင်​ပါ​တယ်။ ကျွန်မ​အတွက် ယေဟောဝါ​လုပ်ဆောင်ပေး​သမျှ​ကို ကျေးဇူး​တင်​ပါ​တယ်၊ “ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ​၏” ဆို​တဲ့​ဆောင်ပုဒ်​နဲ့​အညီ အသက်ရှင်နေ​ထိုင်​သွား​လို​ပါ​တယ်။—ဆာလံ ၃၁:၆က​ဘ။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

၁၉၃၂၊ အောက်တိုဘာ​လ​တွင် ဖဲ​ဒီ​နာ​န်​နှင့်အတူ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

“အာလ်မီနား” ဧဝံဂေလိ​သင်္ဘော​နှင့်အတူ လိုက်ပါ​သူများ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ဖဲ​ဒီ​နာ​န်၊ ကလေး​များနှင့်​အတူ