သင် ထာဝစဉ်အသက်ရှင်လိုပါသလော
သင် ထာဝစဉ်အသက်ရှင်လိုပါသလော
“သေရမှာကို ကျွန်မ မကြောက်ပါဘူး၊ ဒီပန်းတွေနဲ့ခွဲခွာရမှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်” ဟုဂျပန်နိုင်ငံမှ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးဆို၏။ သူ့အိမ်သို့ အလည်အပတ်ရောက်ရှိနေသော ခရစ်ယာန်အမှုဆောင်က သူအဘယ်ကြောင့် ထိုသို့ပြောရကြောင်း သဘောပေါက်သည်၊ အကြောင်းမှာ ထိုအမျိုးသမီး၏ ဥယျာဉ်သည် အလွန်လှပသောကြောင့်ဖြစ်သည်။ သေရမှာ မကြောက်ပါဟု ပြောဆိုသူများစွာသည် ဘုရားသခင်၏ အံ့ချီးဖွယ်ဖန်ဆင်းရာများကို အလွန်နှစ်သက်မြတ်နိုးကြ၍ အမှန်အားဖြင့် ထာဝစဉ်အသက်ရှင်လိုကြသည်။
ထာဝစဉ်အသက်ရှင်ခြင်းဟုတ်စ။ လူအများသည် ထိုအတွေးမျိုးကို စိတ်ထဲမှဖျောက်ပစ်ကြပေမည်။ အချို့က ထာဝစဉ်အသက်ရှင်ဖို့ စိတ်မဝင်စားဟုပင် ဆိုကြပေမည်။ အဘယ်ကြောင့် ထိုသို့ဆိုကြသနည်း။
ထာဝရအသက်—ငြီးငွေ့စရာလော
ထာဝစဉ်အသက်ရှင်ခြင်းသည် ငြီးငွေ့စရာဖြစ်မည်ဟု အချို့ယူမှတ်ကြ၏။ လုပ်ကိုင်စရာအလုပ်မရှိ၊ ရုပ်မြင်သံကြားစက်ကို ထိုင်ငေးကြည့်နေကြရသော အငြိမ်းစားယူသူ များစွာတို့၏ ငြီးငွေ့ဖွယ်ဘဝကို သူတို့ညွှန်ပြကြပေမည်။ ထိုသို့သင်ယူမှတ်မည်ဆိုလျှင် ထာဝစဉ်အသက်ရှင်ခြင်းသည် ကောင်းချီးဖြစ်မည်လော၊ ကျိန်ခြင်းဖြစ်မည်လောဟု မေးမြန်းခံရချိန်၌ နက္ခတ္တဗေဒပညာရှင် ရောဘတ် ဂျက်စ်ထရို၏အဖြေကို သုံးသပ်ကြည့်ပါ။ “စူးစမ်းချင်စိတ်ရှိပြီး အစဉ်မပြတ်သင်ယူလိုစိတ်ရှိသူတို့အတွက် ယင်းသည် ကောင်းချီးဖြစ်ပေမည်။ ထာဝစဉ် အသိပညာဆည်းပူးနေခွင့်ရှိမည်ဟု သိရှိရခြင်းကို သူတို့အလွန်သဘောကျလိမ့်မည်။ သို့သော် သိရှိနိုင်သမျှ သိထားပြီဟုယူမှတ်ပြီး အမြင်ကျဉ်းသူများအတွက်မူ ထာဝစဉ် အသက်ရှင်ရခြင်းသည် ဆိုးရွားသောကျိန်စာဖြစ်ပေမည်။ အချိန်ကို မည်သို့အသုံးပြုရမှန်း သူတို့သိကြမည်မဟုတ်ချေ” ဟုဂျက်စ်ထရိုဖြေဆိုခဲ့သည်။
ထာဝရအသက်သည် ငြီးငွေ့စရာဖြစ်မဖြစ် ဆုံးဖြတ်ရန်မှာ သင်၏သဘောထားအပေါ် များစွာမူတည်၏။ သင့်မှာ ‘စူးစမ်းချင်စိတ်ရှိပြီး အစဉ်မပြတ်သင်ယူလိုစိတ်ရှိ’ မည်ဆိုလျှင် အနုပညာ၊ တေးဂီတ၊ ဗိသုကာအတတ်ပညာ၊ ဥယျာဉ်စိုက်ပျိုးရေး သို့မဟုတ် သင်ဝါသနာပါသော မည်သည့်လေ့လာမှုမဆိုကို မည်မျှတတ်မြောက်လာနိုင်ကြောင်း စဉ်းစားကြည့်ပါ။ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်းဖြင့် သင်စိတ်ဝင်စားရာပညာရပ်တို့တွင် စွမ်းရည်အကြီးအကျယ် တိုးတက်လာနိုင်စရာအကြောင်းရှိသည်။
မေတ္တာကို ထာဝစဉ်တင်ပြနိုင်ရုံမက ကိုယ်ကိုယ်တိုင် မေတ္တာပြခံရသည့်အတွက် ထာဝစဉ်အသက်ရှင်ရကျိုးနပ်ပေလိမ့်မည်။ ကျွန်ုပ်တို့သည် မေတ္တာပြနိုင်သောစွမ်းရည်ဖြင့် ဖန်ဆင်းခံထားကြရပြီး ချစ်မြတ်နိုးခံရသောအခါ ဖွံ့ဖြိုးရှင်သန်ကြသည်။ စစ်မှန်သောမေတ္တာကို မျှဝေခံစားကြရခြင်းသည် အစဉ်ကျေနပ်မှုရှိစေသည်။ ထာဝစဉ်အသက်ရှင်ခြင်းဖြင့် လူလူချင်းကိုသာမက အထူးသဖြင့် ဘုရားသခင်အား ချစ်မြတ်နိုးစိတ် တိုးပွားစေနိုင်သောအခွင့်အရေးကို အစဉ်မပြတ်ရရှိသည်။ “အကြင်သူသည် ဘုရားသခင်ကိုချစ်လျှင်မူကား ထိုသူကိုဘုရားသခင်သိကျွမ်းတော်မူ၏” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (၁ ကောရိန္သု ၈:၃၊ သမ္မာ) စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အား သိကျွမ်းရပြီး ကျွန်ုပ်တို့ကို ကိုယ်တော်အသိအမှတ်ပြုခြင်းသည် အမှန်တကယ်ထူးမြတ်သော အခွင့်အရေးပင်! ထို့ပြင် မေတ္တာရှိသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အကြောင်း သင်ယူစရာ မကုန်နိုင်ပါ။ သို့ဖြစ်၍ ထာဝရအသက်သည် ငြီးငွေ့စရာ၊ အကျိုးမဖြစ်စရာအကြောင်း မည်သို့ရှိနိုင်မည်နည်း။
အသက်—နေ့မြင်ညပျောက်ဖြစ်၍ အဖိုးတန်
အချို့က အသက်တိုတောင်းခြင်းက ယင်းကို အလွန်အဖိုးတန်ရာဖြစ်စေသည်ဟု ယူမှတ်ကြ၏။ အသက်ကို အနည်းအကျဉ်းသာရှိသော ရွှေနှင့် သူတို့ခိုင်းနှိုင်းတတ်ကြသည်။ ရွှေကို နေရာတကာတွင် တွေ့နိုင်မည်ဆိုလျှင် တန်ဖိုးရှိတော့မည်မဟုတ်ဟု သူတို့ဆိုသည်။ မည်သို့ဆိုစေ ရွှေသည် လှပတင့်တယ်ဆဲဖြစ်မည်။ အသက်နှင့်ပတ်သက်၍လည်း ထိုနည်းတူပင်။
ထာဝစဉ်အသက်ရှင်ခြင်းအား လေအလျှံပယ်ရှိခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ စက်ချို့ယွင်းနေသော ရေငုပ်သင်္ဘောတစ်စီးရှိ သင်္ဘောသားများသည် လေကို အလွန်တန်ဖိုးထားကြပေမည်။ သူတို့သည် ကယ်ဆယ်ခံရပြီးနောက် လေ ဝဝရှူရခြင်းကို ကျေးဇူးမတင်ဘဲနေကြမည် ထင်သလော။ ဝေးလေစွ!
အဆိုပါသင်္ဘောသားများကဲ့သို့ ကျွန်ုပ်တို့လည်း ကယ်ဆယ်ခံရနိုင်ပေသည်၊ သို့သော် နှစ်အနည်းငယ်အသက်ရှင်ဖို့မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ရန် ကယ်ဆယ်ခံရခြင်းဖြစ်သည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (ရောမ ၆:၂၃) ဘုရားသခင်သည် လူ့မစုံလင်မှုနှင့် သေခြင်းကို ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အားဖြင့် ဖယ်ရှားပစ်ပြီး နာခံမှုရှိသောလူသားတို့အား ထာဝရအသက်ဆုကျေးဇူး ပေးသနားတော်မူလိမ့်မည်။ ဤမျှမေတ္တာပါသော အစီအစဉ်ကို ကျွန်ုပ်တို့အမှန်တကယ် ကျေးဇူးတင်သင့်သည်!
သင်ချစ်မြတ်နိုးရသူများကော
အချို့က ‘ကျွန်ုပ်ချစ်မြတ်နိုးရသူများကော။ သူတို့သာ ကျွန်ုပ်နဲ့အတူမရှိခဲ့ရင် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရတာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး’ ဟုစဉ်းစားကြပေမည်။ သင်သည် သမ္မာကျမ်းစာအသိပညာကို ဆည်းပူးရယူထားပြီး မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်ခွင့်ရှိကြောင်း သိရှိထားပြီးဖြစ်ပေမည်။ (လုကာ ၂၃:၄၃; ယောဟန် ၃:၁၆; ၁၇:၃) ထို့ကြောင့် သင်၏မိသားစုမှသူများ၊ အခြားချစ်မြတ်နိုးရသူများနှင့် ချစ်မိတ်ဆွေများကိုလည်း ထိုတွင် ရှိစေလိုမည်ဖြစ်ပြီး ဘုရားသခင်ကတိထားရာ ဖြောင့်မတ်သောကမ္ဘာသစ်တွင် ခံစားရမည့် ပျော်ရွှင်မှုများကို သူတို့အား ခံစားစေလိုပေမည်။—၂ ပေတရု ၃:၁၃။
သို့သော် သင်၏မိတ်ဆွေများနှင့် ချစ်မြတ်နိုးရသူများက မြေကြီးပရဒိသုပေါ် ထာဝစဉ်အသက်ရှင်လိုစိတ် မရှိလျှင်ကော။ ယင်းကြောင့် စိတ်ဓာတ်မကျပါနှင့်။ တိကျမှန်ကန်သောကျမ်းစာအသိပညာကို ဆက်လက်ဆည်းပူးပြီး ယင်းနှင့်အညီ ပြုမူကျင့်ကြံလျက်နေပါ။ တမန်တော်ပေါလုက “အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၁၆) လူတို့သည် စိတ်ပြောင်းလဲတတ်ကြသည်။ ဥပမာ၊ ယခင်က ခရစ်ယာန်ဘာသာကို အတိုက်အခံပြုခဲ့သော အမျိုးသားတစ်ဦးသည် စိတ်ပြောင်းလဲ၍ နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော်အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။ သူက “ကျွန်တော့်မိသားစုလေးဟာ ကျွန်တော်အတိုက်အခံပြုခဲ့ချိန်တစ်လျှောက် ကျမ်းစာမူတွေကို တည်တည်ကြည်ကြည်ဆုပ်ကိုင်ခဲ့တဲ့အတွက် ကျွန်တော်တကယ်ကျေးဇူးတင်မိတယ်” ဟုဆို၏။
ဘုရားသခင်သည် သင်နှင့် သင်ချစ်မြတ်နိုးရသူတို့၏အသက်ကို အလွန်တန်ဖိုးထားတော်မူ၏။ အမှန်မှာ “ယေဟောဝါသည် . . . မည်သူမျှဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှနောင်တရစေရန် ဆန္ဒရှိ . . . တော်မူ၏။” (၂ ပေတရု ၃:၉၊ ကဘ) ယေဟောဝါဘုရားသခင်သည် သင်နှင့် သင်ချစ်မြတ်နိုးရသူတို့ကို ထာဝစဉ်အသက်ရှင်စေလို၏။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် မစုံလင်သောလူသားများ၏မေတ္တာထက် ကြီးမားတော်မူ၏။ (ဟေရှာယ ၄၉:၁၅) သို့ဖြစ်၍ ဘုရားသခင်နှင့် ဆက်ဆံရေးကောင်းရှိရန် ပြုစုပျိုးထောင်ပါလေ။ ထိုသို့ပြုလျှင် သင်ချစ်မြတ်နိုးရသူများအား ထပ်တူပြုရန် ကူညီပေးနိုင်ပေလိမ့်မည်။ သူတို့သည် ထာဝစဉ်အသက်ရှင်ရန် လောလောဆယ် မျှော်လင့်ချက်မထားသေးလျှင်ပင် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာနှင့်အညီ အသင် ပြုမူကျင့်ကြံသည်ကို မြင်တွေ့ရသောအခါ သူတို့၏သဘောထား ပြောင်းသွားနိုင်ပါသည်။
သင်ချစ်မြတ်နိုးရသော ကွယ်လွန်သူများကော အသို့နည်း။ သေဆုံးခဲ့ကြသူ သန်းပေါင်းများစွာသည် သေခြင်းမှနိုးထလာပြီး မြေကြီးပရဒိသုတွင် အသက်ရှင်နေထိုင်နိုင်ရန် ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်မျှော်လင့်ချက်ကို သမ္မာကျမ်းစာက ကမ်းလှမ်းထားသည်။ ယေရှုခရစ်က “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုကတိပြုခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင်ကိုမသိဘဲ သေဆုံးခဲ့ကြသူများပင် အသက်ပြန်ရှင်ကြမည်၊ အကြောင်းမှာ သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟုဖော်ပြထား၏။ (တမန်တော် ၂၄:၁၅) သူတို့ ပြန်အသက်ရှင်လာသည့်အခါ ကြိုဆိုခွင့်ရခြင်းသည် အလွန်ပျော်ရွှင်စရာကောင်းပါလိမ့်မည်!
ထာဝရအသက်—ပျော်ရွှင်ဖွယ်အလားအလာ
ယခုပင် ဤလောက၏ဆင်းရဲခက်ခဲမှုများအကြား ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှု တွေ့ရှိနိုင်လျှင် မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်အသက်ရှင်ရသည့်အခါ သင်အမှန်ပျော်ရွှင်နိုင်ပါလိမ့်မည်။ ထာဝစဉ်အသက်ရှင်ချိန်တွင် ရရှိမည့် ဆုကျေးဇူးများကို ယေဟောဝါသက်သေတစ်ဦးက ပြောပြသောအခါ အမျိုးသမီးတစ်ဦးက ဤသို့ဆို၏– “ကျွန်မတော့ ထာဝစဉ်အသက်မရှင်ချင်ပါဘူး။ အခု အသက် ၇၀၊ ၈၀ နေရတာ တော်လောက်ပါပြီ။” ထိုသို့ပြောဆိုချိန်တွင်ရှိနေ၍ ယင်းစကားများကိုကြားလိုက်သော ခရစ်ယာန်အကြီးအကဲတစ်ဦးက “ခင်ဗျားသေသွားရင် ခင်ဗျားရဲ့သားသမီးတွေ ဘယ်လိုခံစားရမယ်ဆိုတာကို စဉ်းစားဖူးသလား” ဟုမေးလေသည်။ မိခင်ဆုံးရှုံးရသဖြင့် သူတို့ကြုံတွေ့ခံစားရမည့် ဝမ်းနည်းပူဆွေးမှုကို စဉ်းစားကြည့်လိုက်ရာ ထိုအမျိုးသမီးသည် မျက်ရည်များကျလာလေ၏။ သူဤသို့ဝန်ခံသည်– “ကျွန်မဘယ်လောက် တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ အခုမှ စဉ်းစားမိတယ်၊ ထာဝစဉ်အသက်ရှင်တာဟာ ကိုယ်ကျိုးအတွက်သာမဟုတ်ဘဲ တခြားသူတွေအတွက် အသက်ရှင်တာလည်းဖြစ်တယ်ဆိုတာ ကျွန်မနားလည်လာပြီ။”
မိမိတို့ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မည်သူ့အတွက်မျှ အရေးမကြီးပါဟု အချို့ယူဆကြပေမည်။ သို့သော် ကျွန်ုပ်တို့၏ အသက်ပေးပိုင်ရှင်အတွက် အရေးပါ၏။ ကိုယ်တော်က “ငါအသက်ရှင်သည်အတိုင်း ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏” ဟုဆိုခဲ့သည်။ (ယေဇကျေလ ၃၃:၁၁) လူဆိုး၏အသက်သည်ပင် ဘုရားသခင်အတွက် ဤမျှအရေးပါသည်ဖြစ်ရာ မိမိအား ချစ်မြတ်နိုးသူတို့ကို ကိုယ်တော်ပို၍ပင် ဂရုစိုက်တော်မူ၏။
ရှေးခေတ်ဣသရေလရှင်ဘုရင် ဒါဝိဒ်သည် ယေဟောဝါ၏မေတ္တာပါသော စောင့်ရှောက်မှုကိုခံစားရကြောင်း ယုံကြည်စိတ်ချခဲ့သည်။ တစ်ခါက ဒါဝိဒ်ဤသို့ပြောခဲ့ဖူးသည်– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရား[သခင်]သည် အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) မိဘများသည် မိမိကိုချစ်ကြောင်း ဒါဝိဒ်စိတ်ချခဲ့ပေမည်။ သို့သော် သူနှင့်အရင်းနှီးဆုံးဖြစ်သူ မိဘများသည် သူ့ကိုစွန့်ခဲ့လျှင်ပင် ဘုရားသခင်သည် သူ့ကိုစွန့်ပစ်မည်မဟုတ်ကြောင်း သူသိထားသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို မေတ္တာရှိ၍ စိတ်ဝင်စားသောကြောင့် ထာဝရအသက်ကိုကမ်းလှမ်းပြီး ကိုယ်တော်၏ ထာဝရမိတ်ဆွေများဖြစ်စေလိုတော်မူ၏။ (ယာကုပ် ၂:၂၃) ဤထူးကဲသောဆုကျေးဇူးများကို ကျေးဇူးတင်စွာဖြင့် လက်ခံသင့်သည်မဟုတ်ပေလော။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သည့် မေတ္တာက ထာဝစဉ်အသက်ရှင်ရကျိုး နပ်စေပါမည်