မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှု ကူးစက်ပျံ့နှံ့နေ

မုန်းတီးမှု ကူးစက်ပျံ့နှံ့နေ

မုန်းတီးမှု ကူးစက်​ပျံ့နှံ့​နေ

“လူတို့သည် သူတို့​မုန်းတီး​သူများကို ဘယ်​သောအခါ​မျှ နားမလည်​ကြ​ချေ။” သံတမန်​တစ်ဦး​ဖြစ်သော စာစီစာကုံး​ရေးသူ ဂျိမ်းစ် ရပ်​ဆဲလ် လို​ဝယ်​လ်။

ယနေ့ မုန်းတီးမှု​မှာ ပျံ့နှံ့​နေ​ပုံ​ရ၏။ နာဇီ​လက်​သစ်၊ စ​ကင်း​ဟက်​ဒ်​ဂိုဏ်း​နှင့် လူဖြူ​ကြီးစိုးမှု​တို့​အပါအဝင် အရှေ့​တီ​မော၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ လစ်​တဲ​လ်တွန်၊ ဆာ​ရာ​ယေ​ဗို အစ​ရှိသော​အမည်များ​ကြား​လိုက်​သည်​နှင့် မီးလောင်​ထား​သည့် အပျက်အယွင်း​များ၊ လောလောလတ်လတ် အစုလိုက်​အပြုံလိုက် မြေ​မြှုပ်​သင်္ဂြိုဟ်​ထား​ရာ​တွင်း​ကြီး​များနှင့် လူသေ​အလောင်း​ပုံရိပ်​များ မြင်ယောင်​လာ​ကြသည်။

မုန်းတီးမှု၊ ပဋိပက္ခ​နှင့် အကြမ်းဖက်မှု​ကင်း​သော အနာဂတ်​ကို​စိတ်ကူးယဉ်​ခြင်း​မှာ ကြေမွ​ပျက်စီး​ကုန်​လေ​ပြီ။ ကွယ်လွန်​သူ ပြင်သစ်​သမ္မတဟောင်း​၏​ဇနီး ဒန်​နီ​ယဲလ် မ​စ်​တ​ရန်​ဒ်​က သူ၏​ငယ်​စဉ်​တောင်​ကျေး​ဘဝကို ဤသို့​အမှတ်ရ​ခဲ့​သည်– “လူတို့သည် တစ်ဦး​ကိုတစ်​ဦး ယုံကြည်​စိတ်ချ​နိုင်​သည့် ဝါဒ​တူ​သူ လူ့​အဖွဲ့အစည်း​တစ်ခု​အတွင်း လွတ်လွတ်လပ်လပ်​နေထိုင်ကြ​ရန်; ကိုယ်​ကိုယ်တိုင်​နှင့်၊ အခြားသူ​တို့​နှင့်​ပါ စိတ်အေး​လက်​အေး​နေထိုင်ရန်; သူတို့ကို​ဂရုစိုက်​ကြည့်ရှု​မည့် ကြံ့ခိုင်​၍ ရက်ရောမှု​ရှိသည့်​ကမ္ဘာ​တွင် ကျန်း​ကျန်းမာ​မာ၊ ဂုဏ်​သိက္ခာ​ရှိ​ရှိ၊ ငြိမ်သက်​စွာ​နေထိုင်ရန် မျှော်မှန်း​ခဲ့​ကြ​၏။” ထို​စိတ်ကူး​စိတ်​သန်း​များ မည်သို့​ဖြစ်သွား​သနည်း။ ဝမ်းနည်း​စွာ သူ​ဤသို့​ပြော​ခဲ့​သည်– “ရာစု​ဝက် ကုန်လွန်​ခဲ့​ပြီး​နောက် ကျွန်မ​တို့​ရဲ့​စိတ်ကူးယဉ်​ခဲ့​မှု​ဟာ အကျပ်အတည်း​ရင်ဆိုင်ခဲ့​ရပြီ​ဟု ဝန်ခံ​ကြ​ရမည်။”

ယခု မုန်းတီးမှု​ပြန်​ပေါ်လာ​ခြင်း​ကို လုံးဝ​လျစ်လျူရှု​၍​မရနိုင်​ချေ။ သာ၍​ပင်​ပျံ့နှံ့​လာပြီး ပိုမို​ဗြောင်ကျ​သော​နည်းများဖြင့် ပုံ​ပေါ်​လျက်​ရှိ၏။ သန်းနှင့်ချီ​သော​သူတို့ အမှုမဲ့​အမှတ်မဲ့​ထားခဲ့​သည့် တစ်ဦးချင်း​စီ​၏​လုံခြုံမှု​သည် မုန်းတီး​စွာ မဆင်မခြင်​ပြုသော တစ်ခု​ထက်​တစ်ခု သာ၍​ပင်​ကြောက်မက်​ဖွယ်​ကောင်း​သည့် လုပ်ရပ်များ​၏ လှိုင်း​ဂယက်​ကြောင့် လျော့နည်း​သွားပေ​ပြီ။ ကျွန်ုပ်​တို့​နေအိမ် သို့​မဟုတ် နိုင်ငံ​အတွင်း​၌ မုန်းတီးမှု​မရှိ​လင့်​ကစား အခြား​တစ်​နေရာ​ရာ​တွင် ကျွန်ုပ်​တို့ကို မုန်းတီးမှု​က​စောင့်ကြို​လျက်​ရှိသည်။ ရုပ်မြင်သံကြား​ဖန်သားပြင်​ပေါ်​မှ ရရှိသော​သတင်း​နှင့် နောက်ဆုံး​အသံလွှင့်​ချက်​များ​မှ ယင်း​၏​သာဓက​ကို ကျွန်ုပ်​တို့​တွေ့မြင်​နေကြ​ရသည်။ အင်တာနက်​ထဲ​ပင် အချို့​ပျံ့နှံ့​သွားပြီ။ ဥပမာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

လွန်ခဲ့သော​ဆယ်စုနှစ်​အတွင်း လူမျိုးရေး​စိတ်ဓာတ်​မှာ မကြုံစဖူး တိုးများ​လာ​သည်ကို တွေ့မြင်​ခဲ့​ကြ​ရသည်။ နိုင်ငံတကာ​အထွေထွေ​ရေးရာ​အတွက် ဟား​ဗက်ဒ်​ဗဟို​မှ ဒါရိုက်တာ ဂျိုးဇက် အက်စ်. နိုင်​အငယ်​က ဤသို့​ဆို​သည်– “လူမျိုးရေး​စိတ်ဓာတ်​သည် ကမ္ဘာ့​ဒေသ​အများစု​တွင် လျော့နည်း​သွားခြင်း​မရှိဘဲ ထက်သန်​သည်ထက် ထက်သန်​လာ​၏။ တစ်ကမ္ဘာ​လုံး​ဆိုင်ရာ ရွာ​ကြီး​တစ်ရွာ​ဖြစ်​မည့်​အစား ကမ္ဘာ​တစ်ဝန်း​၌ တစ်ဦး​နှင့်​တစ်ဦး​ကို ကိုယ့်​အမြင်​ဖြင့်​သာ၍​သတိထား​နေကြ​သည့်​ရွာများ ရှိ​နေသည်။ ယင်းက တစ်ဖန် ပဋိပက္ခ​ဖြစ်စရာ​အကြောင်း တိုးများ​လာ​စေ​သည်။”

မုန်းတီးမှု​ကို​တင်ပြ​သည့် အခြား​နည်း​များ​မှာ မသိမသာ​ဖြစ်​ပြီး နိုင်ငံ​တစ်ခု​၏​နယ်နိမိတ်​များ​အတွင်း သို့​မဟုတ် ရပ်ကွက်​တစ်ခု​အတွင်း​၌​ပင် ပုန်းအောင်း​လျက်​ရှိ၏။ ကနေဒါ​၌ စ​ကင်း​ဟက်​ဒ်​ဂိုဏ်း​သား​ငါး​ဦး​သည် ဆစ်​လူမျိုး အသက်ကြီးသူ​တစ်ဦး​ကို သတ်ဖြတ်​ခဲ့​သောအခါ ဤ​ဖြစ်ရပ်​က “လူမျိုးနွယ်​ဆိုင်ရာ အယူသီးမှု​မရှိခြင်း​အတွက် ချီးမွမ်း​ခံ​ရလေ့​ရှိသည့်​နိုင်ငံ​တွင် မုန်းတီးခြင်း​ရာဇဝတ်မှု​များ ပြန်​ပေါ်ထွက်​လာ​ခြင်း​အဖြစ် အချို့​က​တွေ့မြင်​ကြောင်း မီး​မောင်း​ထိုး​ပြ​ခဲ့​သည်။” လွန်ခဲ့သော​နှစ်များ​က ဂျာမနီ​၌ အစွန်းရောက်သူ​များ​၏ လူမျိုးရေး​တိုက်ခိုက်မှု​များ တဖြည်းဖြည်း​ယုတ်လျော့​လာပြီး​နောက်​မှ ၁၉၉၇ ခုနှစ်​တွင် ၂၇ ရာခိုင်နှုန်း​သို့ အလုံးအရင်း​နှင့်​ထိုး​တက်​ခဲ့​၏။ “ယင်းသည် စိတ်ပျက်ဖွယ်​ရာ​ဖြစ်သည်” ဟု​ပြည်ထဲရေး​ဝန်ကြီး မ​န်​ဖရက်​ဒ် ကန်​သာ​က​ဆို​သည်။

မှတ်တမ်း​တစ်ခု​အရ အယ်လ်ဘေးနီးယား​နိုင်ငံ​မြောက်ပိုင်း​တွင် ကလေး ၆,၀၀၀ ကျော်​တို့သည် သူတို့​မိသားစု​၏​ရန်သူများ​မှ ပစ်ခတ်မှု​ကို​စိုးရိမ်​၍ သူတို့၏​နေအိမ်များ​၌ အကျဉ်း​ချ​ခံရ​သကဲ့သို့​ဖြစ်​ချေ​ပြီ​ဟု ဖော်ပြ​သည်။ ဤ​ကလေး​များသည် “ထောင်နှင့်ချီ​သော မိသားစု​များ​၏​ဘဝကို ပြိုကွဲ​ပျက်စီး​စေ​ခဲ့​သော” မျိုးနွယ်စု​ရန်စ​မ​ကျေ​နိုင်​ခြင်း​၏ သားကောင်​များ​ဖြစ်နေ​ကြ​ရသည်။ အမေရိကန်​ပြည်ထောင်စု​ရှိ ဖယ်ဒရယ်​စုံစမ်း​စစ်ဆေးရေး​ဗျူရို (အက်ဖ်​ဘီ​အိုင်) ၏​အဆို​အရ “၁၉၉၈ ခုနှစ်​၌ အက်ဖ်​ဘီ​အိုင်​သို့ တိုင်ကြား​သည့် ကျူးလွန်​ခဲ့​သော မုန်းတီးခြင်း​ရာဇ​ဝတ်​မှု ၇,၇၅၅ ခု​တွင် ထက်ဝက်ကျော်​ကျော်​မှာ လူမျိုးရေး​စိတ်​စွန်းကွက်​မှု​ကြောင့်” ဖြစ်သည်။ ကျန်​သည့် မုန်းတီးခြင်း​ရာဇဝတ်မှု​များ​၏ အကြောင်းရင်း​အချို့​မှာ ဘာသာရေး၊ မျိုးနွယ်စု သို့​မဟုတ် အမျိုးသားရေး​ဇာစ်​မြစ်နှင့်​ပတ်သက်​၍ စိတ်​စွန်းကွက်​မှု​နှင့် မစွမ်းဆောင်​နိုင်​မှုများ​ကြောင့်​ဖြစ်သည်။

ထို​ထက်​ကား အရေအတွက်​အားဖြင့် ယခု ၂၁ သန်း​ကျော်​ရှိသော ခိုလှုံ​ဝင်ရောက်​လာ​သူတို့ကို အဓိက​ရည်စူး​သည့် နိုင်ငံခြားသား​ကို​မလိုလား​ခြင်း​မှာ ပျံ့နှံ့​နေကြောင်း သတင်းစာ​ခေါင်းစီး​ပိုင်း​များ​က နေ့စဉ် ပြညွှန်​သည်။ ဝမ်းနည်းစရာမှာ နိုင်ငံခြားသား​များ​ကို မုန်းတီး​ကြောင်း ဖော်ပြ​လျက်​ရှိသူ​အများစုမှာ လူငယ်များ​ဖြစ်​ပြီး သူတို့သည် စဉ်းစား​ဆင်ခြင်မှု​မဲ့​သော နိုင်ငံရေး​အထင်ကရ​များနှင့် ဓား​စာ​ခံ​ရှာ​သူတို့၏ အားပေး​အား​မြှောက်​ခံရ​ခြင်း​ကြောင့်​ဖြစ်၏။ ထပ်တူ​ထူးခြားချက်​၏ မသိသာ​မထင်ရှား​သော​လက္ခဏာ​ရပ်​အချို့​တွင် လူမျိုးခြား​ကို အယုံအကြည်မဲ့​ခြင်း၊ သည်းမခံ​နိုင်​ခြင်း​နှင့် တစ်​ပုံစံ​တည်း​ဟု သတ်မှတ်ခြင်း​တို့​ပါဝင်​သည်။

မုန်းတီးမှု ဤမျှ​ပျံ့နှံ့​နေရ​ခြင်း​၏ အကြောင်းရင်း​အချို့​ကား အဘယ်နည်း။ မုန်းတီးမှု​ကို အဘယ်​နည်းဖြင့် အမြစ်ပါ​နုတ်​ပစ်​နိုင်​မည်​နည်း။ နောက်​ဆောင်းပါး​က ဤ​မေးခွန်းများကို ဖြေရှင်း​ပေး​လိမ့်​မည်။

[Picture Credit Line on page 2]

Cover, top: UN PHOTO 186705/​J. Isaac

[Picture Credit Line on page 3]

Daud/​Sipa Press