အေးချမ်းစွာနေထိုင်တတ်ဖို့ သင် သင်ယူနိုင်
အေးချမ်းစွာနေထိုင်တတ်ဖို့ သင် သင်ယူနိုင်
တချို့မှားယွင်းတဲ့ဆန္ဒတွေက မွေးရာပါဖြစ်ပေမဲ့ အကြမ်းဖက်တဲ့အကျင့်ကတော့ သင်ယူတတ်မြောက်လာခြင်း ဖြစ်တယ်။ အေးချမ်းစွာနေထိုင်တတ်ဖို့လည်း အဲဒီလိုပါပဲ။ စစ်မှန်တဲ့ ငြိမ်သက်မှုရနိုင်တဲ့ နည်းလမ်းကို ဘယ်သူသင်ပေးနိုင်သလဲ။ အခွင့်အာဏာအရှိဆုံး၊ ပညာအရာမှာ ပြိုင်ဘက်ကင်းတဲ့ ဖန်ဆင်းရှင်သင်ပေးနိုင်ပါတယ်။ အောက်ပါအချက်ငါးချက်နဲ့ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ဉာဏ်ပညာအကြောင်း သုံးသပ်ကြည့်ပါ။
၁ “အကြမ်းဖက်သူကို အားမကျနှင့်။” (သု. ၃:၃၁၊ ကဘ) တကယ်တမ်းခွန်အားကြီးသူက ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစတဲ့အရည်အသွေးတွေ တင်ပြနိုင်သူဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပါ။ “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက် . . . သာ၍ကောင်း၏” လို့ကျမ်းစာက ပြောထားပါတယ်။ (သု. ၁၆:၃၂) ခိုင်ခံ့တဲ့ ဆည်နံရံလိုပဲ သူက ဒေါသထွက်စေတဲ့ ဖိအားတွေကို တောင့်ခံနိုင်တယ်။ ဒါ့အပြင် ရန်လိုသူကို နူးညံ့သိမ်မွေ့စွာတုံ့ပြန်တဲ့အတွက် “စိတ်ကိုဖြေ” လျော့သွားစေတယ်။ (သု. ၁၅:၁) ဒါပေမဲ့ ဒေါသထွက်လွယ်သူကတော့ ဒေါသဖြစ်စရာ နည်းနည်းလေးတွေ့တာနဲ့ ပေါက်ကွဲတတ်တယ်။—သု. ၂၅:၂၈။
၂ အပေါင်းအသင်းကို ပညာရှိရှိရွေးချယ်ပါ။ “ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကို . . . သွေးဆောင်တတ်၏” လို့ကျမ်းစာကပြောတယ်။ (သု. ၁၆:၂၉) ဒါပေမဲ့ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” လို့ဆိုထားပြန်တယ်။ (သု. ၁၃:၂၀) မှန်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းနိုင်သူ၊ နူးညံ့သိမ်မွေ့သူတွေနဲ့ ပေါင်းသင်းတဲ့အခါ ကျွန်ုပ်တို့လည်း သူတို့နဲ့တူအောင် ကြိုးစားတတ်ကြတယ်။
၃ တခြားသူတွေကို စစ်မှန်တဲ့မေတ္တာပြနိုင်အောင် ကြိုးစားပါ။ မေတ္တာနဲ့ပတ်သက်ပြီး ရေးခဲ့သမျှမှာ အကောင်းဆုံးကတော့ ၁ ကောရိန္သု ၁၃:၄-၇ ဖြစ်ပါတယ်။ အဲဒီမှာ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ . . . အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ . . . မေတ္တာသည် အရာရာကို သည်းခံတတ်၏။ . . . အရာရာကို ခံရပ်နိုင်၏” လို့ဖော်ပြထားတယ်။ ဘုရားသခင်ရဲ့မေတ္တာကို တုပမယ်ဆိုရင် ကိုယ့်ရဲ့ရန်သူကိုတောင် ချစ်မှာဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၅:၄၄၊ ၄၅။
၄ ဆိုးသွမ်းမှုကို ဘုရားသခင်ဖြေရှင်းပေးမယ်ဆိုတာ စိတ်ချပါ။ ‘မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။ ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ . . . “လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားသခင်မိန့်တော်မူ၏” ဟူ၍ ကျမ်းစာ၌ ရေးထား၏။’ (ရောမ ၁၂:၁၇-၁၉) ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ကိုယ်တော့်ကတိတော်တွေကို ယုံကြည်စိတ်ချနေမယ်ဆိုရင် ယုံကြည်ခြင်းမရှိတဲ့သူတွေ နားမလည်နိုင်တဲ့ အတွင်းစိတ်ငြိမ်သက်ခြင်းကို ရရှိနိုင်တယ်။—ဆာလံ ၇:၁၄-၁၆; ဖိလိပ္ပိ ၄:၆၊ ၇။
၅ ကမ္ဘာပေါ် စစ်မှန်တဲ့ငြိမ်သက်မှုဆောင်ကြဉ်းပေးဖို့ ဘုရားသခင့်နိုင်ငံတော်ကို မျှော်ကိုးပါ။ ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်အစိုးရဖြစ်ပြီး ဒီဆိုးသွမ်းတဲ့စနစ်ကို အမြစ်ပြတ်သုတ်သင်ပယ်ရှင်းကာ မြေကြီးကို အပြည့်အ၀ ထိန်းချုပ်ပါလိမ့်မယ်။ (ဆာလံ ၃၇:၈-၁၁; ဒံယေလ ၂:၄၄၊ ၄၅) အဲဒီနိုင်ငံတော်အောက်မှာ “လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည်ပွင့်လန်း၍ ချမ်းသာများပြား” ပါလိမ့်မယ်။—ဆာလံ ၇၂:၇။
အဲဒီလို ကျမ်းစာသွန်သင်ချက်တွေက အကြမ်းဖက်သူတွေအပါအဝင် သန်းနဲ့ချီတဲ့သူတွေကို အေးချမ်းစွာနေထိုင်တတ်ဖို့ ကူညီပေးတယ်။ ဆယ်လ်ဗေဒေါ ဂါဇာ ရဲ့အဖြစ်ကို သုံးသပ်ကြည့်ကြရအောင်။