ဘာသာတရားက လူတွေကို ဘာကြောင့် မစည်းလုံးစေနိုင်
ဘာသာတရားက လူတွေကို ဘာကြောင့် မစည်းလုံးစေနိုင်
ပဋိပက္ခအားလုံးရဲ့ အဓိကအကြောင်းရင်းက ဘာသာတရားလို့ပြောခြင်းဟာ ဘာသာတရားမရှိရင် စစ်ပွဲအနည်းငယ်သာရှိမယ်လို့ ဆိုလိုရာရောက်တယ်။ ဖြစ်နိုင်ပါသလား။ ဘာသာတရားကို ဖယ်ရှားလိုက်ရုံနဲ့ စစ်ပွဲတွေ ပပျောက်သွားမလား။ သင်ဘယ်လိုထင်ထင် ဒီအချက်ကိုတော့ ငြင်းလို့မရဘူး– ဘာသာတရားက လူသားထုကို မစည်းလုံးစေပါ။ ဒီလိုပြောရတဲ့အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။
ဘာသာတရားကြောင့် တိုက်ခိုက်ပြိုကွဲ
လူ့မိသားစုကြီးက အမြဲပြိုင်ဆိုင်နေကြတဲ့ ဘာသာတရားအင်အားစုကြီးတွေကြောင့် တိုက်ခိုက်ပြိုကွဲနေပါတယ်။ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူးနဲ့ မွတ်စလင်တို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေလာနိုင်မယ်လို့ ယုံကြည်စရာအကြောင်းရှိပါသလား။
ဝမ်းနည်းစရာကောင်းတဲ့ နောက်အမှန်တရားတစ်ခုက အဓိကဘာသာတရားတွေအတွင်းမှာ ပြိုကွဲနေကြခြင်းဖြစ်တယ်။ ဥပမာ၊ ခန့်မှန်းချက်တစ်ခုအရ အမည်ခံခရစ်ယာန်ဂိုဏ်းဂဏပေါင်း ၃၀,၀၀၀ ကျော်အထိ ကွဲပြားနေတယ်။ အစ္စလမ်မှာလည်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တဲ့ ယုံကြည်ချက်တွေကြောင့် ကွဲပြားနေတယ်။ အရှေ့အလယ်ပိုင်းမှ သတင်းဌာနတစ်ခုအရ မွတ်စလင်ပညာရှင် မိုဆင် ဟော့ရှက်က မကြာသေးမီက ဒီလိုဝန်ခံခဲ့တယ်– “အစ္စလမ်လောကမှာဖြစ်နေတဲ့ ပြဿနာတွေရဲ့ရင်းမြစ်က မွတ်စလင်တွေမှာ စည်းလုံးမှုမရှိခြင်းပဲဖြစ်တယ်။” ဗုဒ္ဓ၊ ဟိန္ဒူနဲ့ ဂျူးဘာသာတွေလို တခြားသြဇာရှိတဲ့ဘာသာတွေလည်း အငြင်းပွားနေကြတဲ့ ဂိုဏ်းဂဏပေါင်းများစွာအဖြစ် ပြိုကွဲနေပါတယ်။
နိုင်ငံရေးတွင်ဝင်စွက်ဖက်သော ဘာသာတရား
လူသားတွေရဲ့ ဘဝကဏ္ဍအားလုံးနီးပါးကို ဘာသာတရားက လွှမ်းမိုးထားပုံရတယ်။ သတင်းမဂ္ဂဇင်းတစ်စောင် (The Economist) က “ဘာသာရေးသမားတွေဟာ သူတို့ရဲ့ယုံကြည်ချက်ကို စီးပွားရေးအပါအဝင် နယ်ပယ်တိုင်းမှာ ပွင့်ပွင့်လင်းလင်းဖော်ပြလာကြတယ်။ စီးပွားရေးကိစ္စတွေမှာတောင် ဘာသာတရားရဲ့ သက်ရောက်မှုရှိလာတယ်” လို့ဖော်ပြခဲ့တယ်။ ဒါက လူသားတွေကို စည်းလုံးစေမဲ့အစား ပြိုကွဲစေတယ်။ ဒါ့အပြင် ဘာသာတရားက နိုင်ငံရေးမှာပါဝင်ပတ်သက်တဲ့အခါ ပိုဆိုးတဲ့အဖျက်သြဇာဖြစ်လာပြီး ဒီကိစ္စမှာလည်း ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်။
“ဘာသာတရားနဲ့ ဒေသအာဏာပိုင်တွေ အနီးကပ်ပတ်သက်ဆက်နွှယ်နေမယ်ဆိုရင် ဘာသာတရားကြောင့် စစ်ပွဲပိုဖြစ်နိုင်ကြောင်း” ရှေ့ဆောင်းပါးပါ သမိုင်းပညာရှင်တစ်စုရဲ့ မကြာသေးမီကမှတ်တမ်းတစ်ခုကဖော်ပြတယ်။ ဒီနေရာမှာ နောက်ထပ် မငြင်းနိုင်တဲ့အမှန်တရားတစ်ခုက ဘာသာတရားဟာ ယနေ့ထိတိုင် နိုင်ငံရေးနဲ့ စစ်ရေးမှာ ပတ်သက်ရောယှက်နေတယ်။
ပေါက်ကွဲနိုင်သော ရောစပ်မှု
နိုင်ငံများစွာမှာ ဒေသအတွင်းလွှမ်းမိုးထားတဲ့ဘာသာတရားက အဲ့ဒီနိုင်ငံရဲ့ မျိုးချစ်စိတ်နဲ့ လူမျိုးရဲ့ သင်္ကေတဖြစ်လာတယ်။ ရလဒ်အနေနဲ့ လူမျိုးရေးမုန်းတီးမှု၊ လူမျိုးစုစိတ်စွန်းကွက်မှု၊ လူမျိုးရေးပြိုင်ဆိုင်မှုနဲ့ ဘာသာရေးရန်ငြိုးတွေကို ခွဲခြားလို့မရနိုင်လောက်အောင်ဖြစ်နေတယ်။ ဒီလို ပေါက်ကွဲနိုင်တဲ့ရောစပ်မှုက လူ့မိသားစုကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေတယ်။
စိတ်ရှုပ်စရာကောင်းတာက ဘာသာတရားအများစုဟာ ကျမ်းစာပါ ဖန်ဆင်းရှင်ဘုရားသခင်ကို ကိုယ်စားပြုနေတယ်လို့ အခိုင်အမာပြောနေခြင်းပါပဲ။ ဉာဏ်ပညာကြီးမားပြီး မေတ္တာပြည့်ဝတဲ့ အတိုင်းအဆမဲ့တန်ခိုးရှင်က ပြိုကွဲသွေးစွန်းနေတဲ့ ဘာသာတရားတွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
‘ယေဟောဝါသက်သေ ထောင်ပေါင်းများစွာဟာ ကြားနေဝါဒကို ရွေးချယ်ကြတဲ့အတွက် ထောင်ချခံကြရ’