ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
မြို့အပူရှိန်က အပင်ကြီးထွားမှုအပေါ် သက်ရောက်မှုရှိ
မြို့ကြီးများကြောင့်ဖြစ်ပေါ်သောအပူရှိန်က အပင်များ၏ကြီးထွားမှုအပေါ် သက်ရောက်မှုရှိကြောင်း မြောက်အမေရိကအရှေ့ပိုင်း ဂြိုဟ်တုလေ့လာတွေ့ ရှိမှုများက ဖော်ပြနေပုံရသည်ဟု သိပ္ပံသတင်းတွင် ပုံနှိပ်ထုတ်ပြန်ထားသော သတင်းတစ်ပုဒ် ကဆိုသည်။ မြို့ကြီးများရှိအပင်များသည် ကျေးလက်တောရွာများပတ်ဝန်းကျင်ရှိ အပင်များထက် နွေဦးရာသီတွင် ပို၍စောစီးစွာဖူးပွင့်ကြပြီး ဆောင်းဦးပေါက်ချိန်တွင် ၎င်းတို့၏အရွက်များကို ပို၍ကြာရှည်စွာထိန်းသိမ်းထားနိုင်သည်ဟု ထိုသတင်းတွင် ဖော်ပြသည်။ သိပ္ပံသတင်းမှတ်တမ်းအရ ၅ လတာကာလတစ်ခုအတွင်း မြို့အပူချိန်သည် မြို့ပြအလယ်ဗဟိုတစ်ခုစီမှ ၁၀ ကီလိုမီတာ [၆ မိုင်] ခန့်အကွာရှိအရပ်ဒေသ၏အပူချိန်ထက် ပျမ်းမျှ ၂.၂၈˚ စင်တီ [၄.၁၀˚ ဖာရင်ဟိုက်] ပိုပူနွေးကြောင်း တိုင်းတာတွေ့ ရှိရသည်။ မြောက်ပိုင်းဖလော်ရီဒါနှင့် တောင်ပိုင်းကနေဒါကြားတွင် လေးစတုရန်းမိုင်ကျော် ကျယ်ဝန်းသောဒေသတစ်ခုပါဝင်သည့် မြို့ပြဒေသအနည်းဆုံး ၇၀ ရှိသည်။ “ဤအချက်များက ထိုမြို့ကြီးများသည် ဒေသရာသီဥတုကို သိသာထင်ရှားစွာ သက်ရောက်မှုရှိကြောင်းပြသည်” ဟု သိပ္ပံသတင်းက ဆိုသည်။
တိရစ္ဆာန်ချင်း မိတ်ဖွဲ့
စိုက်ပျိုးရေးသမားများနှင့် မွေးမြူရေးသမားတို့သည် တိရစ္ဆာန်ချင်း မိတ်ဖွဲ့တတ်ကြသည်ဟု ကြာမြင့်စွာကပင် ယုံကြည်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ ခွာရှိသောတိရစ္ဆာန်များသည် ၎င်းတို့အုပ်စုရှိ အခြားတိရစ္ဆာန်များနှင့် ရင်းနှီးမိတ်ဖွဲ့တတ်ကြကြောင်း ဇီဝဗေဒပညာရှင် အန်ယာ ဗာစေလဖ်စကီး၏ သိပ္ပံနည်းကျလေ့လာမှုတစ်ခုက အခိုင်အမာဆိုထားသည်။ မြင်းများ၊ မြည်းများ၊ ကျွဲနွားတိရစ္ဆာန်နှင့် သိုးများကိုလေ့လာခဲ့သူ ဗာစေလဖ်စကီး အဆိုအရ တိရစ္ဆာန်များသည် ကြိမ်ဖန်များစွာ တစ်ကောင်နှင့်တစ်ကောင် နီးနီးကပ်ကပ်နေခြင်း၊ အစာစားနေစဉ် သို့မဟုတ် အနားယူနေစဉ် ကိုယ်ခန္ဓာထိတွေ့ခြင်း၊ အစာဝေမျှပေးခြင်းနှင့် အချင်းချင်း သန့်စင်ပေးခြင်းဖြင့် မိတ်ဖွဲ့ခြင်းကို တင်ပြခဲ့ကြသည်။ ဥပမာ၊ သိုးများသည် အခြားတိရစ္ဆာန်နှင့် တိုက်ခိုက်ခဲ့သည့် မိမိအဖော်၏ခေါင်းကို ခေါင်းနှင့် ပွတ်ပေးလေ့ရှိသည်။ ဤအပြုအမူက ထိုသိုးကို စိတ်တည်ငြိမ်၊ နှစ်သိမ့်စေပုံရသည်ဟု ဂျာမန်သတင်းစာဒီဇိုက်က ဖော်ပြသည်။ မြည်းများသည် များသောအားဖြင့် တစ်ကောင်နှင့်သာရင်းနှီးလိုကြသည်။ သို့သော် သူတို့၏ရင်းနှီးမှုသည် ပိုမိုတာရှည်သည်။ တိရစ္ဆာန်များကို လူများသဖွယ်မရှုမြင်မိစေရန်မူ သုတေသီတို့သည် ထိုသို့သောရင်းနှီးမိတ်ဖွဲ့ မှုများ လုပ်ဆောင်ပုံနှင့် အကျိုးသက်ရောက်မှုများကို သုံးသပ်သည့်အခါ သတိထားကြသည်။
လက်တင်အမေရိကရှိ သစ်တောပြုန်းတီးမှု
လက်တင်အမေရိကရှိသစ်တောဧကပေါင်း ၁၂၅ သန်းသည် ၁၃ နှစ်မျှအတွင်း ဖျက်ဆီးခံလိုက်ရပြီ၊ ယင်းသည် ဗဟိုအမေရိကဒေသတစ်ခုလုံး၏အကျယ်အဝန်းနှင့်ညီသည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ပုံနှိပ်ထုတ်ဝေသော အစီရင်ခံစာတစ်စောင်က တင်ပြသည်။ မက္ကဆီကိုတွင် သစ်တော ဧကပေါင်း ၁၆ သန်းဆုံးရှုံးပြီး စိုက်ပျိုးမြေ ဧကပေါင်း ၉၉၀,၀၀၀ မြေတိုက်စားခံရစဉ်တွင် ဘရာဇီးလ်တွင် သန်းပေါင်း ၅၇ ဧက ပျက်စီးမှုနှင့် ကြုံရသည်။ ဟေတီ၊ အယ်လ်စဗေးဒေါနှင့် စိန့်လူးစီးယားကျွန်းတို့သည် ထပ်တူကာလတွင် ၎င်းတို့သစ်တောများ၏ ၄၆ မှ ၄၉ ရာခိုင်နှုန်းကြား ဆုံးရှုံးခဲ့ရသည်။ ဤစာရင်းဇယားများသည် “တုန်လှုပ်ချောက်ချားစရာ” ဖြစ်ပြီး “ခြောက်သွေ့သည်ထက် ခြောက်သွေ့လာနေသော ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်မှ ပျောက်ကွယ်သွားသည့် သိန်းသန်းချီသော အပင်များနှင့် တိရစ္ဆာန်များ . . . အကြောင်း ကျွန်ုပ်တို့စဉ်းစားသောအခါ ပို၍ပင် တုန်လှုပ်စရာကောင်းနေသည်” ဟု မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်၏ သိပ္ပံမဂ္ဂဇင်း ကိုမိုဗက်စ်က ဆိုသည်။
CFS ရောဂါသည်များအတွက် လေ့ကျင့်ခန်း
ကျယ်ကျယ်ပြန့်ပြန့်သုတေသနလုပ်သော်ငြားလည်း နာတာရှည်မောပန်းခြင်းလက္ခဏာစု (CFS) ဖြစ်ရသည့်အကြောင်းရင်းများနှင့် ဖြစ်နိုင်သောကုသနည်းတို့ကို ဆေးသိပ္ပံပညာ အဖြေရှာမရဖြစ်နေဆဲပင်။ “ဗိုင်းရပ်စ်တိုက်ဖျက်ဆေးအမျိုးမျိုး၊ ကိုယ်ခံအားစနစ်ကုထုံး၊ဟော်မုန်းကုထုံး၊ စိတ်ကျဝေဒနာပျောက်ဆေးဝါးနှင့် ထိရောက်နိုင်ဖွယ်ရှိ အခြားကုထုံးများသည်လည်း မှတ်သားဖွယ်အကျိုးကျေးဇူးမရှိခဲ့ပါ” ဟု ဩစတေးလျဆေးပညာဆိုင်ရာဂျာနယ် (MJA) တွင်ပုံနှိပ်ထုတ်ဝေသော မှတ်တမ်းတစ်ခုက ဆိုသည်။ သို့ရာတွင် ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်း လမ်းလျှောက်ခြင်းကဲ့သို့သော ကာယလေ့ကျင့်ခန်းပါဝင်သော အစီအစဉ်များသည် အခြားကုထုံးအမြောက်အမြားထက် ပိုကောင်းသောအကျိုးရလဒ်များရရှိကြောင်း တွေ့ရှိခဲ့ရသည်။ CFSခံစားသူတချို့က လေ့ကျင့်ခန်းများများလုပ်ခြင်းက သူတို့၏ရောဂါလက္ခဏာများကို တိုး၍ဆိုးရွားစေကြောင်း တွေ့ရှိရသည့်အတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ကြသည်။ သို့တိုင်၊ မျှတမှုရှိဖို့လိုသည်။ သူတို့၏ရောဂါလက္ခဏာများကြောင့် အကန့်အသတ်ဘောင်အတွင်း၌နေပြီး ဂရုတစိုက်လေ့ကျင့်ခန်းလုပ်သူတချို့သည် စိတ်ကျမှုစမ်းသပ်ချက်များ၊ ကျန်းမာသွားပြီဟု ခံစားရခြင်း၊ အလုပ်အရည်အသွေးမြင့်လာခြင်းနှင့် သွေးဖိအားတို့တွင် “သိသိသာသာကောင်းမွန်တိုးတက်လာ” သည်ကို တွေ့ရှိရသည်ဟု MJA က သတင်းပို့သည်။ “အဆင့်ဆင့်ကာယ လေ့ကျင့်ခန်းသည် CFS လူနာများကုသမှုအစီအစဉ်၏အဓိကအချက်ဖြစ်လာသည်ဟု” ဤသတင်းက နိဂုံးချုပ်သည်။
ပန်ဒါဝက်ဝံများနှင့် သူတို့၏ဝါး
တရုတ်နိုင်ငံနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးတို့၏သင်္ကေတဖြစ်သော ဧရာမ ပန်ဒါဝက်ဝံသည် ထင်ထားသလောက် ဘေးအန္တရာယ်မရှိကြောင်း လန်ဒန်မြို့ထုတ် ဒေးလီ တယ်လီဂရပ်ဖ်က ဆိုသည်။ သဘာဝတရားထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့နှင့် တရုတ်အစိုးရတို့ ပူးပေါင်းပြုလုပ်သော ၄ နှစ်ကြာလေ့လာမှုတစ်ခုက တောရိုင်းမြေရိုင်းရှိပန်ဒါဝက်ဝံများသည် အကောင် ၁,၀၀၀ မှ ၁,၁၀၀ ရှိသည်ဟု ယခင်က ခန့်မှန်းခဲ့သော်လည်း အကောင် ၁,၅၉၀ ကျော်ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ဂြိုဟ်တုမှ နေရာရှာဖွေရေးစနစ်အပါအဝင် တိုးတက်သောနည်းပညာကို အသုံးပြုကာ ရှာဖွေရမည့်ဒေသများကို စီစဉ်ခြင်းဖြင့် ပို၍တိကျသောအရေအတွက်ကို ရရှိသည်။ အကျိုးရလဒ်များသည် သဘာဝဝန်းကျင်ထိန်းသိမ်းရေးသမားများအတွက် သတင်းကောင်းဖြစ်သော်လည်း အင်္ဂလန်နိုင်ငံ၊ ကိမ်းဘရစ်ခ်ျရှိ ကမ္ဘာ့ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဗဟိုက ဧရာမပန်ဒါဝက်ဝံများ၏ အဓိကအစာရင်းမြစ်ဖြစ်သောဝါးသည် မျိုးပြုန်းတော့မည့်အန္တရာယ် အကြီးအကျယ်တွေ့နေရကြောင်း သတိပေးထားသည်။ အထူးသဖြင့် ဤသို့ရုတ်ခြည်း ဝါးတောများပြုန်းတီးမည့်အန္တရာယ်ရှိစေသော အရာမှာ “မျိုးစိတ်တစ်ခုစီမှ ဝါးမျိုးတစ်မျိုးစီသည် အနှစ် ၂၀ မှ ၁၀၀ ကြာတိုင်း တစ်ပြိုင်တည်း အပွင့်ပွင့်ပြီးနောက် သေသွားကြ၍ဖြစ်သည်” ဟု ဤတဲလီဂရပ် သတင်းစာက ဖော်ပြသည်။
ခြင်နှင်ဆေး သတိထား
အာရှတွင် အကျယ်ပြန့်ဆုံးအသုံးပြုသော အင်းဆက်မောင်းနှင်ဆေးများထဲကတစ်ခုဖြစ်သော ခြင် ဆေးခွေသည် အထူးသဖြင့် ကလေးများအတွက် အန္တရာယ်ရှိနိုင်သည်ဟု လေ့လာမှုနှစ်ခုက ညွှန်ပြထားကြောင်း အိန္ဒိယနိုင်ငံ၏ ဒေါင်းတူအတ်သ် မဂ္ဂဇင်းကဖော်ပြသည်။ ဦးဆုံး၊ ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယားရှိ သိပ္ပံပညာရှင်များက တငွေ့ငွေ့လောင်ကျွမ်းသောခြင်ဆေးခွေများသည် သုံးစွဲသူများ အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မိသားစုအတော်များများသည် သူတို့၏နေအိမ် ကျဉ်းကျဉ်းကြုတ်ကြုတ်တွင် ခြင်ဆေးခွေများကို ထွန်းထားကြသည်။ “ထို့ပြင်၊ အိပ်နေချိန်တွင် ပြတင်းပေါက်များကို ပိတ်ထားကြသည်” ဟု ဤလေ့လာမှုပြုသူများက သတိထားမိကြသည်။ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ သိပ္ပံပညာရှင်များဦးဆောင်သော ဒုတိယလေ့လာမှုက ရှစ်နာရီကြာလောင်ကျွမ်းနေသော ခြင်ဆေးခွေ တစ်ခွေသည် “စီးကရက် ၇၅ လိပ် မှ ၁၃၇ လိပ်ကြားထွက်သည့်အရာတမျှရှိကြောင်း တွေ့ရှိခဲ့သည်။” တမာပင်ကဲ့သို့သော အပင်မှထုတ်လုပ်ထားသောပစ္စည်းများကို ပြောင်းသုံးဖို့ ကျွမ်းကျင်သူများက ထောက်ခံအားပေးကြသည်။ “၎င်းတို့သည် ထိရောက်ပြီး ကျန်းမာရေးအတွက် အကျိုးပြုသည်သာမကဘဲ မုန့်ဖိုးပဲဖိုးလောက်သာရှိသည်” ဟု မှတ်တမ်းက ဖော်ပြသည်။
ရုပ်ရှင် အဆင့်သတ်မှတ်ချက်များ လျော့ကျ
“ယနေ့ရုပ်ရှင်များတွင် လွန်ခဲ့သောဆယ်စုနှစ်က အဆင့်သတ်မှတ်ချက်တူရုပ်ရှင်များထက် ပျမ်းမျှအားဖြင့် အကြမ်းဖက်မှု၊ လိင်နှင့် မရိုသေ့စကားများ သိသာထင်ရှားစွာ ပို၍ပါဝင်လာနေသည်။” ၎င်းသည် အချို့သောနိုင်ငံများတွင် ကျင့်သုံးနေသည့် စနစ်တစ်ခုဖြစ်သော ရုပ်ရှင် အဆင့်သတ်မှတ်ချက်များကို လေ့လာသောအခါတွေ့ရသည့် အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရှိ သုတေသီများ၏ကောက်ချက်ဖြစ်သည်။ ဤလေ့လာမှုသည် ၁၉၉၂ မှ ၂၀၀၃ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်များ၏ အဆင့်သတ်မှတ်ချက်နှင့် ပါဝင်သည့်အကြောင်းအရာတို့၏ ဆက်စပ်မှုကို ဆန်းစစ်တင်ပြသည်။ ရလဒ်မှာ ရုပ်ရှင်များ၏ အသက်အရွယ် အဆင့်သတ်မှတ်ချက်များ လျော့သည်ထက်လျော့လာနေကြောင်း တွေ့ရသည်။ “မိဘတို့အနေဖြင့် မိမိတို့ကလေးများနှင့်အတူဖြစ်စေ၊ ကလေးများအတွက်ဖြစ်စေ သင့်တော်သောရုပ်ရှင်များကို ရွေးချယ်ပေးရေး၊ ရုပ်ရှင်များမှရလာနိုင်သော ဆိုးကျိုးများကို ကြားဝင်ဖြေရှင်းပြီး ကောင်းကျိုးများကို တွန်းအားပေးရန်အတွက် ကလေးများနှင့် ရုပ်ရှင်များပါ အကြောင်းအရာများကို ဆွေးနွေးရေးတို့သည် မိမိတို့၏တာဝန်ဖြစ်ကြောင်း အသိအမှတ်ပြုကြရမည်” ဟု သုတေသီများက ကောက်ချက်ချခဲ့ကြသည်။