အသက်ရှည်ဖို့ ရှာပုံတော်ဖွင့်ခြင်း
“လူသားတွေအတွက် ဘုရားသခင် ပေးထားတဲ့အလုပ်ကို ငါတွေ့တယ်။ ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။”—ဒေသနာ ၃:၁၀၊ ၁၁။
ရှေးပညာရှိ ဘုရင် ရှောလမုန်ရဲ့ စကားတွေက ဘဝနဲ့ပတ်သက်ပြီး လူတွေရဲ့ ခံစားချက်ကို အတိအကျ ဖော်ပြတယ်။ အသက် တိုပြီး သေခြင်းကို မရှောင်လွဲနိုင်တဲ့အတွက် အသက်ရှည်ချင်တဲ့ဆန္ဒ အမြဲပြင်းပြခဲ့ကြတယ်။ ဒါကြောင့် အသက်ရှည်နည်း လျှို့ဝှက်ချက်ကို ရှာပုံတော်ဖွင့်တဲ့ ဒဏ္ဍာရီပုံပြင် အများကြီး ရှိတယ်။
ဥပမာ၊ ဆူမေးရီးယန်းဘုရင် ဂီလ်ဂါမဲ့ရှ်အကြောင်း သုံးသပ်ကြည့်ပါ။ သူ့အကြောင်း ဆန်းပြားတဲ့ ဒဏ္ဍာရီပုံပြင်များစွာ ရှိတယ်။ ဂီလ်ဂါမဲ့ရှ် မော်ကွန်းကဗျာ ဖော်ပြချက်အရ သူဟာ သေခြင်းကနေ လွတ်မြောက်နည်းကို လေ့လာဖို့ အန္တရာယ်များတဲ့ခရီးကို နှင်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။
ဘီစီ လေးရာစုမှာ တရုတ် အဂ္ဂိရတ်ပညာရှင်တွေက “အသက်ရှည်ဆေး” ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ပြဒါးနဲ့ စိန်အဆိပ်ရောထားတဲ့ ဆေးရည်ကို ဖော်စပ်ကြတယ်။ အဲဒီဆေးတွေကြောင့် တရုတ်ဧကရာဇ်အတော်များများ သေဆုံးခဲ့ရတယ်။ အလယ်ခေတ် ဥရောပ အဂ္ဂိရတ်ပညာရှင်တချို့က ရွှေပါတဲ့ဆေးကို ဖော်စပ်ကြတယ်။ မပျက်စီးနိုင်တဲ့ဂုဏ်သတ္တိရှိတဲ့ ရွှေက လူ့အသက်ကို ရှည်စေနိုင်တယ်လို့ ယူဆကြလို့ပါပဲ။
ဒီနေ့ တချို့သော ဇီဝဗေဒပညာရှင်တွေ၊ မျိုးရိုးဗီဇပညာရှင်တွေက အိုမင်းရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားနေကြတယ်။ “အသက်ရှည်ဆေး” ရှာပုံတော် ဖွင့်ခဲ့သူတွေလိုပဲ သူတို့လည်း မအို၊ မသေချင်တဲ့ဆန္ဒ ပြင်းပြနေကြတယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ဘာရလဒ်တွေ ရခဲ့ပြီလဲ။
ဘုရားက “လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။”—ဒေသနာ ၃:၁၀၊ ၁၁
အိုရတဲ့အကြောင်းရင်းကို ရှာဖွေခြင်း
လူ့ဆဲလ်ကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက အိုရသေရတဲ့ အကြောင်းရင်းကို သီအိုရီ ၃၀၀ ကျော်နဲ့ ရှင်းပြကြတယ်။ မကြာသေးခင်နှစ်တွေအတွင်း လူနဲ့ တိရစ္ဆာန်ဆဲလ်တွေမှာ အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေမယ့် မျိုးရိုးဗီဇတွေ၊ ပရိုတိန်းတွေကို မော်လီကျူး ဇီဝဗေဒပညာရှင်တွေ အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ကြတယ်။ ဒါကြောင့် “သေခြင်းပြဿနာ” ရှာဖွေလေ့လာဖို့ နာမည်ကျော်သူဋ္ဌေးကြီးတချို့က ငွေကြေးထောက်ပံ့ကြတယ်။ ဘာတွေများ ရှာဖွေတွေ့ရှိခဲ့ကြပြီလဲ။
ကိုယ်တွင်းနာရီကို နောက်ဆုတ်ခြင်း။ တယ်လိုမီရာ လို့ခေါ်တဲ့ ခရိုမိုဆုမ်းအဖျားပိုင်းမှာ အိုမင်းရတဲ့ အဓိကအကြောင်းရင်း ရှိတယ်လို့ ဇီဝဗေဒပညာရှင်တချို့ ယူဆကြတယ်။ တယ်လိုမီရာတွေက ဆဲလ်ကွဲပွားတဲ့အခါတိုင်း ဆဲလ်ထဲက မျိုးရိုးဗီဇပစ္စည်းတွေကို ကာကွယ်ပေးကြတယ်။ ဒါပေမဲ့ ဆဲလ်ကွဲပွားတဲ့အခါတိုင်း တယ်လိုမီရာတွေ တိုသွားတယ်။ ဒီလိုနဲ့ ဆဲလ် မပွားတော့တဲ့အခါ အိုလာတော့တယ်။
၂၀၀၉ နိုဗယ်ဆုရှင် အဲလီဇဘက် ဘလက်ဘန်းနဲ့ အဖွဲ့က ဆဲလ်အိုမင်းမှုကို ဖြစ်စေတဲ့ တယ်လိုမီရာ တိုသွားခြင်းကို တားဆီးတဲ့ အင်ဇိုင်းတစ်မျိုးကို ရှာဖွေတွေ့ရှိကြတယ်။ ဒါပေမဲ့ တယ်လိုမီရာက “အသက်ရှည်စေနိုင်တဲ့အရာတွေ မဟုတ်ဘူး” ဆိုပြီး သူတို့ရဲ့ မှတ်တမ်းမှာ အသိအမှတ်ပြုဝန်ခံထားတယ်။
ဇရာကို အံတုဖို့ နည်းတစ်နည်းကတော့ ဆဲလ်ပြန်လည်ပြုပြင်ဖန်တီးခြင်း ဖြစ်တယ်။ ဆဲလ် အိုမင်းပြီး မပွားနိုင်တော့တဲ့အခါ အနီးနားက ကိုယ်ခံအားဆဲလ်တွေဆီ အချက်ပေးမှားပြီး ရောင်ရမ်းခြင်း၊ နာတာရှည် နာကျင်ခြင်း၊ ရောဂါတို့ ဖြစ်စေတယ်။ မကြာသေးခင်တုန်းက ပြင်သစ် သိပ္ပံပညာရှင်တွေက အသက် ၁၀၀ ကျော် သက်ကြီးရွယ်အိုတချို့ဆီက ဆဲလ်တွေကို ပြုပြင်ဖန်တီးခဲ့ကြတယ်။ ဆဲလ်တွေမှာ “အိုမင်းခြင်းကို ပြောင်းပြန်ပြုလုပ်နိုင်စွမ်း” ကို ဖော်ထုတ်နိုင်ပြီလို့ သုတေသီအဖွဲ့ ခေါင်းဆောင် ပါမောက္ခ ဇင်းမာ့ခ် လာမေတာက ကြေညာခဲ့တယ်။
သိပ္ပံပညာက ကျွန်တော်တို့အသက်ကို ပိုရှည်စေနိုင်မလား
ဇရာကို အံတုတဲ့ကုသနည်းတွေက လူ့သက်တမ်းကို သိသိသာသာ ရှည်စေနိုင်တယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်အားလုံး သဘောတူကြတာတော့ မဟုတ်ဘူး။ ၁၉ ရာစုကစပြီး လူ့သက်တမ်း တဖြည်းဖြည်း ရှည်လာတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကူးစက်ရောဂါ ထိန်းချုပ်နိုင်မှု၊ ပိုးသတ်ဆေးနဲ့ ကာကွယ်ဆေး သုံးစွဲခြင်းတို့ကြောင့် ဖြစ်တယ်။ လူ့သက်တမ်းဟာ နဂိုသက်တမ်းလောက်ပဲ ရှိတယ်လို့ မျိုးရိုးဗီဇပညာရှင်တချို့ ယူဆကြတယ်။
လွန်ခဲ့တဲ့အနှစ် ၃,၅၀၀ ခန့်က ကျမ်းစာရေးသူ မောရှေက “ကျွန်တော်တို့ရဲ့ သက်တမ်းဟာ အနှစ် ၇၀ ပါပဲ။ သန်မာလှရင်တော့ အနှစ် ၈၀ ပေါ့။ ဒါပေမဲ့ ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေတယ်။ အဲဒီနှစ်တွေ အကုန်မြန်လွန်းလို့ ကျွန်တော်တို့ ပျောက်လွင့်သွားမှာပဲ” လို့ အသိအမှတ်ပြုထားတယ်။ (ဆာလံ ၉၀:၁၀) သက်တမ်းရှည်ဖို့ လူတွေ ကြိုးစားအားထုတ်နေပေမဲ့ မောရှေ ဖော်ပြသလောက်ပဲ အသက်ရှည်ကြပါတယ်။
ပင်လယ်နီဒေသက သံပခြုပ်တွေ၊ ကမာမျိုးဝင်တွေဟာ အနှစ် ၂၀၀ ကျော် အသက်ရှင်ကြတယ်။ ဆီကွာယာသစ်ပင်တွေဆိုရင် နှစ်ထောင်ချီ ရှင်သန်ကြတယ်။ လူ့သက်တမ်းကို အဲဒါတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ‘ဘဝဆိုတာ အနှစ် ၇၀/၈၀ လောက်ပဲလား’ လို့ တွေးမိပါလိမ့်မယ်။