မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ

ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ

“ဆက်မခံနိုင်တော့ဘူး။ သေသွားတာကမှ ကောင်းဦးမယ်လို့ စဉ်းစားမိတယ်” ဆိုပြီး ဘရာဇီးနိုင်ငံက အန်ဒရီယာနာ ပြောတယ်။

အသက် မရှင်ချင်တော့လောက်အောင် ဖြစ်ဖူးသလား။ ဖြစ်ဖူးရင် အန်ဒရီယာနာကို နားလည်ပေးနိုင်ပါလိမ့်မယ်။ အန်ဒရီယာနာဟာ ပူပင်သောကလွန်ကဲမှုဝေဒနာ ခံစားနေရပြီး ဝမ်းနည်းနေတယ်၊ မျှော်လင့်ချက် မဲ့နေတယ်။ စိတ်ကျဝေဒနာ ခံစားနေတယ်။

မကျန်းမာတဲ့ သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ဂျပန်လူမျိုး ကာအိုရူအဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ “တစ်ခါတလေ အလုပ်မှာ ဖိစီးမှု အရမ်းများတယ်။ စားမဝင်၊ အိပ်မပျော် ဖြစ်လာတယ်။ သေမှပဲ အေးမယ်လို့ တွေးမိတယ်။”

နိုင်ဂျီးရီးယားက အိုဂျေဘိုဒီ ဒီလိုပြောတယ်– “တစ်ချိန်လုံး ဝမ်းနည်းပြီး မျက်ရည်ကျတတ်တယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်နည်းတွေ ရှာကြံခဲ့တယ်။” ဝမ်းသာစရာကတော့ အိုဂျေဘိုဒီ၊ ကာအိုရူ၊ အန်ဒရီယာနာတို့ ကိုယ့်ကိုယ်ကိုယ် မသတ်သေခဲ့ကြဘူး။ ဒါပေမဲ့ နှစ်တိုင်း လူသိန်းနဲ့ချီ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြတယ်။

အကူအညီ ရနိုင်တဲ့နေရာ

ကိုယ့်ကိုယ်ကိုယ် သတ်သေသူအများစုက အကူအညီ တောင်းရမှာကို ရှက်တဲ့ အမျိုးသားတွေ ဖြစ်တယ်။ ဖျားနာသူတွေအတွက် သမားတော် လိုအပ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (လုကာ ၅:၃၁) ဒါကြောင့် အကူအညီ တောင်းဖို့ မရှက်ပါနဲ့။ စိတ်ကျဝေဒနာ ခံစားရသူတွေဟာ ဆေးကုသမှု ခံယူတဲ့အခါ သက်သာလာကြတယ်။ အိုဂျေဘိုဒီ၊ ကာအိုရူ၊ အန်ဒရီယာနာတို့ဟာ ဆရာဝန်အကူအညီနဲ့ ဝေဒနာ သက်သာလာကြပြီ။

စိတ်ကျဝေဒနာအတွက် ဆရာဝန်တွေက စကားပြောကုထုံးနဲ့ဖြစ်စေ၊ ဆေးဝါးနဲ့ဖြစ်စေ ကုသပေးနိုင်တယ်။ နှစ်မျိုးလုံးနဲ့လည်း ကုသပေးနိုင်တယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေဟာ စိတ်ရှည်သည်းခံပြီး ဂရုစိုက်တတ်တဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ထောက်မမှုလည်း လိုအပ်ကြတယ်။ အကောင်းဆုံးမိတ်ဆွေကတော့ ယေဟောဝါဘုရားပါပဲ။ ဘုရားစကားတော် သမ္မာကျမ်းစာအားဖြင့် အံ့ဖွယ်နည်းနဲ့ ကူညီထောက်မပေးနေပါတယ်။

တည်မြဲတဲ့ကုသနည်း ရှိသလား

စိတ်ကျဝေဒနာသည်တွေဟာ ရေရှည်ကုသမှု ခံယူဖို့ လိုတယ်။ ဘဝပုံစံတွေ ပြုပြင်ပြောင်းလဲပြီး ရင်ဆိုင်တတ်ရမယ်။ ဒါပေမဲ့ သင်ဟာ စိတ်ကျဝေဒနာ ခံစားနေရရင် အိုဂျေဘိုဒီလို တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်နိုင်တယ်။ သူ ဒီလိုပြောတယ်– “ဟေရှာယ ၃၃:၂၄ မှာ ဘယ်သူကမှ ‘နေမကောင်းဘူး’ လို့ မညည်းရတော့မယ့် အချိန်အကြောင်း ကြိုဟောထားတယ်။ အဲဒီအချိန်ကို ကျွန်တော် မျှော်လင့်နေပါတယ်။” အိုဂျေဘိုဒီလို ဘုရားကတိတော်ကနေ နှစ်သိမ့်မှု ရယူပါ။ “နာကျင်ခြင်း” ရှိတော့မှာ မဟုတ်တဲ့ “မြေကြီးသစ်” ကို ဘုရား ကတိပြုထားတယ်။ (ဗျာဒိတ် ၂၁:၁၊ ၄) အဲဒီကတိတွေမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအားလုံး ပျောက်ကင်းသွားမယ်ဆိုတာလည်း ပါတယ်။ ခံစားနေရတဲ့ စိတ်နာကျင်မှုတွေလည်း ထာဝစဉ် ပျောက်ကင်းသွားမယ်။ စိတ်နာကျင်စရာတွေကို “သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၁၇