မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ

ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ

ကောင်းကင်ဖခင် ယေဟောဝါဘုရားဟာ ကျွန်တော်တို့ ရင်ထဲက လာတဲ့ ဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပေးချင်တယ်။ ဒါပေမဲ့ ဆုတောင်းချက်တွေ အဖြေ မရစေတဲ့ အတားအဆီးတွေ ရှိတယ်။ အဲဒါတွေက ဘာတွေလဲ။ ဆုတောင်းတဲ့အခါ ဘယ်အချက်တွေကို သတိရသင့်သလဲ။ ကျမ်းစာလမ်းညွှန်ချက် တချို့ကို ကြည့်ရအောင်။

“ဆုတောင်းတဲ့အခါ . . . အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့။”—မဿဲ ၆:၇

အလွတ်ကျက်ထားတဲ့ ဆုတောင်းချက်တွေကို အထပ်ထပ် ရွတ်တာ၊ ဆုတောင်းစာအုပ် ကြည့်ပြီး ဖတ်တာကို ယေဟောဝါ မလိုလားဘူး။ အဲဒီအစား ရင်ထဲက လာတဲ့ စကားတွေကို ဘုရား နားထောင်ချင်တယ်။ ကိုယ့်ရဲ့ မိတ်ဆွေတစ်ယောက်က တစ်နေ့တစ်နေ့ ဒီစကားကိုပဲ အထပ်ထပ် ပြောနေတယ်ဆိုရင် ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ မိတ်ဆွေကောင်းတွေဟာ ရင်ထဲက စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။ ရင်ထဲက လာတဲ့ စကားလုံးတွေနဲ့ ဆုတောင်းတာက ကောင်းကင်ဖခင်နဲ့ နှစ်ကိုယ်ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ ဖော်ပြတယ်။

“တောင်းပြန်တော့လည်း မရဘူး။ အပြစ်ရှိတဲ့ အလိုဆန္ဒတွေ ပြည့်ဖို့ပဲ တလွဲတောင်းနေတာကိုး။”—ယာကုပ် ၄:၃

ဘုရား မလုပ်စေချင်တဲ့အရာ၊ မပိုင်ဆိုင်စေချင်တဲ့အရာ တစ်ခုခု ရဖို့ ဆုတောင်းတယ်ဆိုရင် အဖြေပေးမှာ မဟုတ်ဘူး။ ဥပမာ၊ လောဘကြီးခြင်းနဲ့ ကံကောင်းခြင်းဆိုတဲ့ အယူသီးမှုမျိုးကို ရှောင်ဖို့ ဘုရားသခင် ရှင်းရှင်းလင်းလင်း သတိပေးထားတယ်။ အဲဒါကြောင့် လောင်းကစားသမားတစ်ယောက် အနိုင်ရဖို့ ဆုတောင်းတာကို ဘုရား အဖြေပေးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ (ဟေရှာယ ၆၅:၁၁။ လုကာ ၁၂:၁၅) အဲဒီလို ဆုတောင်းချက်မျိုးကို ဘုရားသခင် အဖြေပေးမယ်လို့ မျှော်လင့်တာက ယုတ္တိမရှိဘူး။ ဆုတောင်းချက်တွေကို ဘုရားသခင် အဖြေပေးဖို့ဆိုရင် ဆုတောင်းချက်တွေက ကျမ်းစာနဲ့ ကိုက်ညီရမယ်။

“တစ်ယောက်က ပညတ်တရားကို မနာယူရင် သူ့ဆုတောင်းချက်တောင် ရွံမုန်းစရာ ဖြစ်သွားတယ်။”—ပညာအလိမ္မာ ၂၈:၉

ရှေးတုန်းကဆိုရင် ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပညတ်တွေကို မလိုက်နာသူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေမပေးဘူး။ (ဟေရှာယ ၁:၁၅၊ ၁၆) ဘုရားသခင်က မပြောင်းလဲဘူး။ (မာလခိ ၃:၆) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ အဖြေ ရဖို့ ဘုရားသခင့်ပညတ်တွေနဲ့အညီ အသက်ရှင် နေထိုင်ဖို့ လိုတယ်။ ဒါပေမဲ့ အရင်က အမှားတွေ လုပ်ခဲ့ဖူးတယ်ဆိုရင်ကော။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်တော့မှ နားမထောင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ အမှားတွေအတွက် နောင်တယူပြီး ဘုရားသခင် နှစ်သက်တာကို အတတ်နိုင်ဆုံး လုပ်မယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ခွင့်လွှတ်ပါလိမ့်မယ်။—တမန်တော် ၃:၁၉