မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၀

အမြဲတမ်း ပထမနေရာ လိုချင်သလား

အမြဲတမ်း ပထမနေရာ လိုချင်သလား

အမြဲတမ်း ပထမနေရာ လိုချင်တဲ့သူ တစ်ယောက်ယောက်ကို ကလေးတို့ သိသလား။— အဲဒီလူဟာ တန်းစီရင်လည်း ထိပ်ဆုံးနေရာရဖို့ သူများကို တွန်းပစ်တတ်တယ်။ အဲဒါမျိုး တွေ့ဖူးသလား။— လူကြီးတွေတောင်မှ ထိပ်ဆုံးနေရာ၊ အထင်ပေါ်ဆုံးနေရာ ရဖို့ ကြိုးစားကြတာကို ကြီးမြတ်တဲ့ဆရာ တွေ့ခဲ့တယ်။ ဒါကို ယေရှု မကြိုက်ဘူး။ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ကြည့်ကြရအောင်။

ပထမနေရာရဖို့ လုတတ်တဲ့သူတွေကို တွေ့ဖူးသလား

ယေရှုဟာ ထင်ပေါ်တဲ့ ဘာသာရေးခေါင်းဆောင် ဖာရိရှဲတစ်ယောက်ရဲ့အိမ်မှာ စားသောက်ပွဲကြီးကို ကြွရောက်ဖို့ ဖိတ်ခေါ်ခံရတယ်လို့ ကျမ်းစာကဆိုတယ်။ ရောက်လာတဲ့ ဧည့်သည်တွေဟာ အကောင်းဆုံးနေရာကို ရွေးထိုင်ကြမှန်း ယေရှု သတိထားမိတယ်။ ဒါကြောင့် ဖိတ်ခေါ်ခံရသူတွေကို ပုံပြင်တစ်ပုဒ် ပြောပြတယ်။ ကလေးတို့ကော နားထောင်ချင်သလား။—

ယေရှုက ‘တစ်ယောက်ယောက်က ခင်ဗျားတို့ကို မင်္ဂလာပွဲတက်ဖို့ ဖိတ်တဲ့အခါ အကောင်းဆုံး၊ အထင်ပေါ်ဆုံးနေရာကို ရွေးမထိုင်ကြနဲ့’ လို့ပြောတယ်။ ယေရှု ဘာလို့ ဒီလိုပြောတာလဲ၊ သိသလား။— အိမ်ရှင်က ပိုအရေးပါသူကို ဖိတ်ရင်ဖိတ်ထားမယ်လို့ ယေရှုပြောတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း အိမ်ရှင်က အနားကိုလာပြီး ‘သူ့ကို ဒီနေရာ ပေးလိုက်ပါ။ ခင်ဗျား ဟိုနေရာမှာ သွားပါ’ လို့ ပြောလိမ့်မယ်။ အဲဒီဧည့်သည် ဘယ်လိုခံစားရမလဲ။— တခြားဧည့်သည်တွေရှေ့မှာ အရေးမပါတဲ့နေရာကို ပြောင်းထိုင်ရတော့ သူ့ခမျာ ရှက်ရှာမှာပေါ့။

အကောင်းဆုံးနေရာကို လိုချင်တာ မကောင်းဘူးဆိုတာကို ယေရှုရှင်းပြနေတာ။ ဒါကြောင့် ‘ခင်ဗျားတို့ ဖိတ်ခေါ်ခံရတဲ့အခါ နောက်ဆုံးနေရာမှာ ထိုင်ကြ။ အဲဒီအခါ အိမ်ရှင်က လာပြီး “မိတ်ဆွေ၊ ရှေ့ကို ကြွပါ” လို့ပြောလိမ့်မယ်။ ခင်ဗျားလည်း ဧည့်သည်အားလုံးရှေ့မှာ ဂုဏ်တက်လိမ့်မယ်’ လို့ပြောခဲ့တယ်။—လုကာ ၁၄:၁၊ ၇-၁၁

အကောင်းဆုံးနေရာ၊ ပထမနေရာတွေကို ရွေးထိုင်သူတွေအကြောင်း ပြောပြတဲ့အခါ ယေရှု ဘာသင်ပေးနေသလဲ

ယေရှု ပြောပြတဲ့ ပုံပြင်ရဲ့ ဆိုလိုရင်းကို ကလေးတို့ သဘောပေါက်သလား။— သဘောပေါက်မပေါက် သိရအောင် ဥပမာတစ်ခုကို ကြည့်ရအောင်။ ကလေးတို့ လူသိပ်ကျပ်တဲ့ ဘတ်စကားပေါ်ကို တက်သွားတယ်ဆိုပါတော့။ အသက်ကြီးတဲ့လူ မတ်တတ်ရပ်နေပါစေ၊ ကိုယ်ကတော့ နေရာရအောင် လုထိုင်မလား။— အဲဒီလိုလုပ်ရင် ယေရှု ကြိုက်ပါ့မလား။—

တို့တစ်တွေ ဘာလုပ်လုပ် ယေရှု အရေးမစိုက်ပါဘူးလို့ တစ်ယောက်ယောက် ပြောလိမ့်မယ်။ ကလေးတို့ကော ဒီလိုပဲ ယူဆသလား။— ဖာရိရှဲအိမ်က စားသောက်ပွဲမှာ လူတွေ နေရာရွေးတာကို ယေရှု စောင့်ကြည့်ခဲ့တယ်။ ဒီနေ့လည်း တို့တစ်တွေ လုပ်သမျှကို စိတ်ဝင်တစား ကြည့်နေတယ်လို့ မထင်ဘူးလား။— အခုဆိုရင် ယေရှု ကောင်းကင်မှာ ရှိနေပြီဖြစ်တဲ့အတွက် တို့တစ်တွေကို စောင့်ကြည့်လို့ ကောင်းတဲ့နေရာမှာ ရှိနေတယ်လေ။

တစ်ယောက်ယောက်က ပထမနေရာ လုရင် ပြဿနာ တက်နိုင်တယ်။ စကားများတာတို့၊ စိတ်ဆိုးတာတို့ ဖြစ်တတ်တယ်။ တစ်ခါတလေ ကလေးတွေ ဘတ်စကား အတူတူ စီးကြတဲ့အခါမှာ အဲဒီလိုမျိုး ဖြစ်တတ်တယ်။ ကားတံခါး ဖွင့်လိုက်တာနဲ့ သူ့ထက်ငါဦးအောင် လုတက်ကြတယ်။ အကောင်းဆုံးနေရာ၊ ပြတင်းပေါက်နားက ထိုင်ခုံတွေကို လိုချင်ကြတယ်လေ။ အဲဒီတော့ ဘာဖြစ်တတ်သလဲ။— အချင်းချင်း စိတ်ဆိုးစရာတွေ ဖြစ်လာတတ်တယ်။

ပထမနေရာ လိုချင်ရင် ပြဿနာ အများကြီး ဖြစ်လာနိုင်တယ်။ ယေရှုရဲ့ တမန်တော်တွေကြားမှာတောင် ပြဿနာ တက်ခဲ့ကြသေးတယ်။ ဒီစာအုပ် အခန်း ၆ မှာ သိခဲ့ရတဲ့အတိုင်း တမန်တော်တွေထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ငြင်းခုံခဲ့ကြတယ်။ ယေရှု ဘာလုပ်ခဲ့သလဲ။— ဟုတ်တာပေါ့၊ သူတို့အမှားကို ပြင်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ ထပ်ငြင်းခုံကြပြန်တယ်။ ဘယ်ကနေ ဘယ်လိုစဖြစ်သလဲဆိုတာ ကြည့်ရအောင်။

တမန်တော်တွေနဲ့  တခြားလူတွေဟာ ယေရှုနဲ့အတူ  ဂျေရုဆလင်မြို့ကို နောက်ဆုံးအကြိမ် သွားနေကြတယ်။ ယေရှုက သူ့ရဲ့နိုင်ငံအကြောင်း ပြောပြထားတော့ ယာကုပ်နဲ့ ယောဟန်တို့က ယေရှုနဲ့အတူ အုပ်ချုပ်မယ့်အကြောင်းကို တွေးနေကြတယ်။ အဲဒီအကြောင်းကို သူတို့မိခင် ရှာလုံကိုတောင် ပြောပြကြသေးတယ်။ (မဿဲ ၂၇:၅၆။ မာကု ၁၅:၄၀) ဒါနဲ့ ဂျေရုဆလင်မြို့ကို သွားနေတုန်း ရှာလုံက ယေရှုဆီ လာဦးညွှတ်ပြီး တောင်းဆိုစရာလေးရှိတယ်တဲ့။

ယေရှုက “ဘာလိုချင်သလဲ” လို့ မေးတော့ ရှာလုံက ယေရှုရဲ့ နိုင်ငံမှာ သူ့သားနှစ်ယောက်ကို ဘယ်ဘက်မှာတစ်ယောက် ညာဘက်မှာတစ်ယောက် ထိုင်ခွင့်ပေးပါလို့ တောင်းဆိုတယ်။ ယာကုပ်နဲ့ ယောဟန်က သူတို့မိခင်ကတစ်ဆင့် အဲဒီလိုတောင်းလျှောက်တာကို ကျန်တမန်တော်ဆယ်ပါး သိသွားတဲ့အခါ ဘယ်လိုဖြစ်ကြမယ် ထင်သလဲ။—

ရှာလုံက ယေရှုဆီမှာ ဘာတောင်းဆိုသလဲ၊ ဘာဖြစ်ခဲ့သလဲ

ဟုတ်တယ်၊ ယာကုပ်နဲ့ ယောဟန်တို့ကို အကြီးအကျယ် စိတ်ဆိုးကြတာပေါ့။ ဒါကြောင့် ယေရှုက တမန်တော်အားလုံးကို အကြံဉာဏ်ကောင်း ပေးတယ်။ လောကအုပ်စိုးရှင်တွေဟာ သြဇာကြီးသူ၊ အရေးပါသူ သိပ်ဖြစ်ချင်ကြတယ်။ လူတကာကို အာဏာပြတတ်ကြတယ်တဲ့။ ဒါပေမဲ့ ယေရှုရဲ့ နောက်လိုက်တွေကတော့ အဲဒီလို မဖြစ်ရဘူး။ အဲဒီအစား “ပထမနေရာ ရချင်သူတိုင်း ကျွန်ဖြစ်ရမယ်” ဆိုပြီး ယေရှု ပြောတယ်။ စဉ်းစားကြည့်ပါဦး။—မဿဲ ၂၀:၂၀-၂၈

ကျွန်ဆိုတာ ဘာလုပ်ရသလဲ သိသလား။— သူများကို လုပ်ကျွေးပြုစုရတယ်၊ သူများ လုပ်ကျွေးပြုစုမှာကို မမျှော်လင့်ဘူး။ အနိမ့်ဆုံးနေရာမှာ ထိုင်တယ်၊ ထိပ်ဆုံးနေရာမှာ မထိုင်ဘူး။ အရေးပါဆုံး ပုဂ္ဂိုလ်လို မဟုတ်ဘဲ ဘာမှအရေးမပါတဲ့လူလို လုပ်ဆောင်ရတယ်။ ပထမနေရာ ရချင်သူဟာ ကျွန်တစ်ယောက်လို လုပ်ဆောင်သင့်တယ်လို့ ယေရှု ပြောခဲ့တာကို ပြန်သတိရပါ။

တို့တစ်တွေအတွက် ဘာအဓိပ္ပာယ် ရှိတယ်လို့ ထင်သလဲ။— အစေခံကျွန်တစ်ယောက်ဟာ အကောင်းဆုံးနေရာ ဘယ်သူထိုင်မယ်ဆိုတာ သခင်နဲ့ အငြင်းပွားမလား။ ဒါမှမဟုတ် ဘယ်သူ အရင်စားမယ်ဆိုတာ ငြင်းခုံမလား။ ကလေးတို့ ဘယ်လို ထင်သလဲ။— ကျွန်ဟာ သခင်ကို အမြဲတမ်း ဦးစားပေးတယ်ဆိုတာ ယေရှု ရှင်းပြတယ်။—လုကာ ၁၇:၇-၁၀

ဒီတော့ ပထမနေရာ ရဖို့ ကြိုးစားမယ့်အစား တို့တစ်တွေ ဘာလုပ်သင့်သလဲ။— ဟုတ်တယ်၊ အစေခံကျွန်တစ်ယောက်လို ဖြစ်သင့်တယ်။ ကိုယ့်ထက် သူများကို ဦးစားပေးတာကို ဆိုလိုတယ်။ တခြားလူတွေဟာ ကိုယ့်ထက် အရေးပါတယ်လို့ သဘောထားတာကို ပြောချင်တာ။ သူများကို ဦးစားပေးနိုင်တဲ့ နည်းတွေကို စဉ်းစားကြည့်နိုင်မလား။— စာမျက်နှာ ၄၀ နဲ့ ၄၁ ကိုဖွင့်ပြီး သူတစ်ပါး အကျိုးဆောင်ပေးခြင်းဖြင့် ဦးစားပေးနိုင်တဲ့ နည်းတချို့ကို ပြန်ကြည့်လိုက်ပါဦး။

ကြီးမြတ်တဲ့ဆရာဟာ သူတစ်ပါး အကျိုးဆောင်ပေးခြင်းဖြင့် သူတို့ကို ဦးစားပေးခဲ့တာကို ကလေးတို့ မှတ်မိမှာပါ။ တမန်တော်တွေနဲ့ အတူရှိခဲ့တဲ့ နောက်ဆုံးညမှာ ယေရှုဟာ စားပွဲကထပြီး တမန်တော်တွေရဲ့ ခြေကိုတောင် ဆေးပေးခဲ့တယ်။ တို့တစ်တွေလည်း သူတစ်ပါး အကျိုးဆောင်ခြင်းအားဖြင့် သူများကို ဦးစားပေးမယ်ဆိုရင် ကြီးမြတ်တဲ့ဆရာရော၊ ဆရာရဲ့ဖေဖေ ယေဟောဝါ ဘုရားသခင်ပါ နှစ်သက်သဘောကျမှာကွဲ့။

သူတစ်ပါးကို ဦးစားပေးဖို့ အားပေးထားတဲ့ ကျမ်းချက်တချို့ကို ဖတ်ကြရအောင်– လုကာ ၉:၄၈။ ရောမ ၁၂:၃။ ဖိလိပ္ပိ ၂:၃၊ ၄